
ယူနက်စကိုစာရင်းဝင် ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ပုဂံဒေသရှိ ညောင်ဦးမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၃ ရက် မနက် ၇ နာရီလောက်မှာ ပထမဆုံးအကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ညောင်ဦးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ညောင်ဦးမြို့နယ်ထဲက ဂျိုးကန်ရွာကို ဗုံးကြဲသွားတာပါ။ ဂျိုးကန်ရွာဆိုတာက ပုဂံရဲ့ အရှေ့တောင်ဘက် ပုဂံ-ချောက် ကားလမ်းပိုင်းမှာ ရှိပါတယ်။ အခုဗုံးကြဲသွားတဲ့နေရာက ရှေးဟောင်းဘုရားတွေနဲ့လည်း အရမ်းနီးပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့မနက် အစောပိုင်းက ညောင်ဦးမြို့နယ်ထဲက ပုဂံမြို့ တောင်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို မအူပင်ကျေးရွာက ဒေသခံလူငယ် ၅ ယောက်ထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ညောင်ဦးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ဂျိုးကန်ကျေးရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက် ကင်းပုန်းဝပ်ပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
ညောင်ဦးပကဖ တာဝန်ခံ ကိုဇီးက “အခု ဗုံးကြဲခံရတဲ့ရွာဘက်ကို စစ်ကြောင်းဝင်နေတော့ မြေပြင်အခြေအနေကို အတိအကျ မသိရသေးဘူးဗျ။ ထိခိုက်ပျက်စီးမှုတွေရှိတယ် ဆိုတာတော့ သိထားရတယ်။ စစ်ကြောင်းရှိနေသေးတာရယ်၊ ကျနော်လည်း ခရီးထွက်နေရတာရယ်ဆိုတော့ အတိအကျ မပြောနိုင်သေးဘူး” လို့ DVB ကို ပြောပါတယ်။
ရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ပုဂံဒေသမှာ စစ်ရေးလှုပ်ရှားတော့မယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်ကလည်း ပုဂံညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်မှာ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို) က သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။