မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စ ရပ်ကွက် စျေးအနီးမှာ ဇန်နဝါရီ ၁၆ ရက် မနက် ၆ နာရီခွဲဝန်းကျင်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းလယ်ခေါင်မှာ ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
မန္တလေးမြို့ခံတယောက်က “ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၅ လမ်း၊ ၅၉လမ်းနဲ့ လမ်း ၆၀ ကြား၊ စ စျေးအနောက်ဘက်နားမှာ ဆိုင်ကယ်စီးလာတဲ့လူတယောက်ကို Honda Fit ကားပေါ်က အရပ်ဝတ်နဲ့ စစ်သားတွေက ပစ်သွားကြတာပါ။ ကျနော်တို့ မန္တလေးမှာက တော်တော်လေးကို ဆိုးရွားနေပါပြီဗျာ” လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ ပျူစောထီးတွေ စိုးမိုးတဲ့နေရာဖြစ်သလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၄ ရက်က ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနဲ့ ၁၃၃ လမ်းထောင့်မှာရှိတဲ့ ဇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ထပ်မံဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ အရပ်ဝတ်တွေနဲ့ ကင်းပုန်းစောင့်တာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “ဆိုင်ကယ်မောင်းလာတဲ့ ကောင်လေးက သူတယောက်တည်း အေးအေးဆေးဆေး မောင်းလာတာကို အရပ်ဝတ်နဲ့ စစ်သားတွေနဲ့ ရဲတွေထဲက မူးယစ်ဆေးသုံးပြီး ဆေးကြောင်နေတဲ့ ရဲတယောက်က ပစ်လိုက်တာလို့တော့ သိရတယ်ပေါ့ဗျာ။ ကောင်လေးအသက်ကတော့ ၃၀ ဝန်းကျင်လောက်ရှိမယ်။ ဗိုက်ကိုမှန်ပြီး ဗိုက်ပွင့်ထွက်ပြီးတော့မှ နေရာမှာတင် သေဆုံးသွားတယ်။ အလောင်းကောက် တာကတော့ ကျနော်တို့အဖွဲ့က မဟုတ်ဘူး။ တခြားအဖွဲ့က အလောင်းလာသယ်သွားကြတယ်” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၂ ရက် ညနေပိုင်းမှာလည်း ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ်တယောက်ကို လမ်းပေါ်မှာပဲ ပစ်ခတ်သတ်ဖြတ်ခဲ့ကြသေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဆိုပါ ဆိုင်ကယ်စီးနင်းလာသူကို စစ်ကောင်စီလက်အောက်ခံတွေက စစ်ဆေးဖို့ တားဆီးချိန်မှာ ဆိုင်ကယ်ရပ်မပေးတာကြောင့် ပစ်ခတ်လိုက်တာဖြစ်တယ်လို့ စစ်ကောင်စီထောက်ခံသူတွေက လူမှုကွန်ရက် စာမျက်နှာတွေကနေ ရေးသားဖော်ပြနေကြပေမဲ့ ဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ ပြည်ကြီးတံခွန်မြို့မရဲစခန်းကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မန္တလေးမြို့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဓားပြတိုက် လုယက်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး အဆိုပါဖြစ်စဥ်တွေထဲမှာလည်း စစ်ကောင်စီလက်အောက်ခံတွေ ပါဝင်ပတ်သက်မှု ရှိနေတယ်လို့လည်း မန္တလေးမြို့ခံတွေဆီကနေ သိရပါတယ်။