ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမ အဝိုင်းကြီးပန်းခြံရှေ့တွေမှာ လမ်းမကြီးပေါ် တက်မောင်းမိတဲ့ ဘေးတွဲ၊ ဆိုင်ကယ်တွေကို ဇန်နဝါရီ ၅ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးပြီး မောင်းသူတွေကို ရိုက်နှက်ငွေညှစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မျက်မြင်တွေ့သူတွေရဲ့ ပြောပြချက်အရ အဝိုင်းကြီးမှာ ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်နဲ့ ဘေးတွဲ ၁၀ စီးထက်မနည်း ရှိနေပြီး အရပ်ဝတ်ရဲတွေက မောင်းသူတွေရဲ့ ခေါင်း၊ လက်နဲ့ ကျောကုန်းတွေကို ရိုက်နှက်ခဲ့တာပါ။
ဘတ်စ်ကားစောင့်နေသူတယောက်က “အဝိုင်းပန်းခြံရှေ့က ကားပါကင်နေရာထဲခေါ်ပြီး ရိုက်တာ။ မရပ်ပေးရင် တုတ်နဲ့ရိုက်ပြီးတော့ကို ဖမ်းတာ။ သော့တွေ အတင်းဖြုတ်နေတာ တွေ့တယ်။ လမ်းကြောင်းရှိလားတော့ မသိဘူး၊ မနေ့ကလည်း ရဲတွေရော စစ်သားတွေရော အပြည့်ပဲ” လို့ ပြောပါတယ်။
ဘေးတွဲမောင်းသူတွေကို ၂၀၂၄ ဒီဇင်ဘာလကစလို့ လမ်းမကြီးပေါ်ကို မောင်းနှင်ခြင်း မပြုဖို့နဲ့ ဘေးတွဲမောင်းခွင့်ကတ်ပြားအတွက် မှတ်ပုံလာတင်ဖို့ ရပ်ကွက်ရုံးအဖွဲ့တွေက သတိပေးထားကြပါတယ်။
ရိုက်နှက်ခံရသူတယောက်က “ဝီစီမှုတ်ပြီး တားတာ။ အရှေ့ကို ကျော်ရပ်လို့ နံပါတ်တုတ်နဲ့ လက်ကို လှမ်းရိုက်တာ။ မောင်းတဲ့အရှိန်နဲ့ လှမ်းရိုက်လိုက်တာနဲ့ လက်က ဘုထသွားတာ။ ဘေးကို ဆွဲချခိုင်းတဲ့အချိန် ကျောကုန်းကို လှမ်းရိုက်သေးတယ်။ ကတ်ပြားရော ဦးထုပ်ရော အကုန်အစုံ ပါပါတယ်။ ခေမာသီကနေ ကျောက်ရေတွင်းဈေးသွားဖို့က ဒီအဝိုင်းပဲ ဖြတ်သွားရတာ။ သော့ဖြုတ်သွားလို့ အတင်းတောင်းတောင်းပန်ပန်ပြောမှ ပြန်ပေးတာ။ ခရီးသည်ဆီက ၅,၀၀၀ တန် ၂ ရွက် ယူပေးလိုက်ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဟာ အကြောင်းမျိုးစုံပြပြီး ပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေသလို ရပ်ကွက်အုပ်ချုပ်ရေးရုံး အဖွဲ့တွေကလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ ဘေးတွဲ မောင်းနှင်သူတွေကို ကင်းစောင့်၊ ကင်းလှည့်ခိုင်းတာတွေ အလှည့်ကျ ပြုလုပ်ခိုင်းနေပါတယ်။