Home
နိုင်ငံတကာ
ပါကစ္စတန်တွင် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးသုံး လူစုခွဲ
DVB
·
January 1, 2025
Photo-Reuters

ပါကစ္စတန်မြောက်ပိုင်းမှာ လူရာနဲ့ချီ သေဆုံးရတဲ့အထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို တုံ့ပြန်တဲ့အနေနဲ့ ရှီယိုက် ဘာသာရေး၊ နိုင်ငံရေးပါတီတခုက ထိုင်သပိတ် ဆန္ဒပြနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ကရာချိရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၁ ရက်မှာ မျက်ရည်ယိုဗုံးတွေနဲ့ နံပါတ်တုတ်တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။

အာဖဂန်နစ္စတန်နယ်စပ်အနီး လူပေါင်း ၆ သိန်းလောက်ရှိတဲ့ ကူးရမ်မ် မျိုးနွယ်စုနယ်မြေမှာ  ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ တောင်းဆိုကြတဲ့ ထိုင်သပိတ် ဆန္ဒပြပွဲကို မာဂျ်လစ်စ်ဝါဒါတီ မူစလင်းမီးန် အဖွဲ့အစည်းက စီစဉ်တာဖြစ်ပြီး မြို့တော် ကရာချိရှိ အဓိကလမ်းမကြီးတွေမှာ ပြုလုပ်ခဲ့ကြတဲ့ ထိုင်သပိတ် ဆန္ဒပြပွဲတွေကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ယာဉ်ကြောပိတ်ဆို့မှုတွေ ဆက်လက်ဖြစ်ပွားခဲ့တာပါ။

ဗဟိုထိုင်သပိတ်စခန်းက ဆန္ဒပြသူတွေဟာ စခန်းကို ဖြိုခွင်းခဲ့တဲ့ ရဲတပ်ဖွဲ့ကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူ အနည်းငယ်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုအတွင်း ဆိုင်ကယ် ၃ စီးထက်မနည်း မီးရှို့ခံခဲ့ရကြောင်း ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ ထိခိုက်သေဆုံးမှု မရှိကြောင်းလည်း သိရပါတယ်။

ဖက်ဒရယ်နဲ့ ပြည်နယ်အာဏာပိုင်တွေက ရှေးအရင်ကတည်းက ကန့်သတ်ထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့တဲ့နေရာဖြစ်ပြီး ဆယ်စုနှစ်များစွာ ဂိုဏ်းဂဏတင်းမာမှုတွေအတွက် မီးမောင်းထိုးပြတဲ့ နေရာတခုလည်း ဖြစ်တဲ့ ကူးရမ်မ်နယ်မြေမှာ ပြီးခဲ့တဲ့လက ဆွန်နီနဲ့ ရှီးယိုက် မွတ်စလင်တွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ကူးရမ်မ်ရဲ့ အဓိကမြို့ ပါရာချင်နာမြို့နဲ့ ပြည်နယ်မြို့တော် ပက်ရှ်ဝါကို ဆက်သွယ်တဲ့ အဓိကလမ်းမကြီးကို ပိတ်ဆို့လိုက်ခြင်းကြောင့် အငတ်ဘေး၊ ဆေးဝါးပြတ်လပ်မှုနဲ့ အောက်ဆီဂျင်ပြတ်တောက်မှု အစီရင်ခံစာတွေနဲ့အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။

မြို့မှာ ဆေးဝါးပြတ်လပ်မှုကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

ပြည်နယ်အစိုးရနဲ့ အဒ်ဟီ ဖောင်ဒေးရှင်းတို့ဟာ ရဟတ်ယာဉ်တွေနဲ့ ဒေသတွင်းကို ဆေးဝါးတွေ စတင်ပေးပို့နေပြီ ဖြစ်ပါတယ်။

လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ လူမျိုးရေးပဋိပက္ခတွေကို ရပ်တန့်ဖို့အတွက် လက်နက်ကြီးတွေကို စုဆောင်းဖို့ စီစဉ်ခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ပြည်နယ်အာဏာပိုင်တွေက ဒီဇင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။

ဒါပေမဲ့ သမိုင်းကြောင်းအရ တရားဥပဒေကင်းမဲ့တဲ့ ဒေသရှိ မျိုးနွယ်စုတွေကတော့ လက်နက်မစွန့်ဘူးလို့ ပြောပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013