Home
နိုင်ငံတကာ
အာဖဂန်နစ္စတန်တွင် ပါကစ္စတန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄၆ ဦး သေဆုံး
DVB
·
December 26, 2024
Photo: Reuters

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပက်တိကာပြည်နယ်မှာ ဒီဇင်ဘာ ၂၄ ရက်က ပါကစ္စတန်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေ အများစု အပါအဝင် အနည်းဆုံး လူ ၄၆ ယောက် သေဆုံးခဲ့ကြောင်း အာဖဂန်တာလီဘန်တွေက ပြောကြားလိုက်ပြီး သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံကို လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း ကတိပြုခဲ့ပါတယ်။

အာဖဂန်နစ္စတန်ရှိ နေရာ ၄  ခုမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၆ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ ဖစ်ထရက်က ဒီဇင်ဘာ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်အစိုးရနဲ့ စစ်ဖက်အရာရှိတွေက မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

ဒီကိစ္စကို သိရှိပေမဲ့ အမည်မဖော်လိုသူ ပါကစ္စတန်အရာရှိတယောက်ကတော့ ပါကစ္စတန်အစိုးရဟာ ပါကစ္စတန် တာလီဘန် (TTP) အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ရဲ့ စခန်းတခုကို လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရိုက်တာကို ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ ပစ်မှတ်ထားခံရတယ် ဆိုတဲ့ စခန်းတွေရဲ့ တည်နေရာနဲ့ တိုက်ရိုက်ထိစပ်နေတဲ့ ပါကစ္စတန်ရဲ့ တောင်ပိုင်း ဝါဇီရစ္စတန် ဧရိယာက အကြီးစား TTP တိုက်ခိုက်မှုကြီးတခု ဖြစ်ပွားခဲ့ပြီး ပါကစ္စတန် လုံခြုံရေးဝန်ထမ်း ၁၆ ယောက် သေဆုံးခဲ့ပါတယ်။

အိမ်နီးနားချင်းတွေဟာ တင်းမာတဲ့ဆက်ဆံရေး ရှိနေပြီး ပါကစ္စတန်က သူ့နိုင်ငံထဲမှာ ဖြစ်ပွားခဲ့တဲ့ TTP တိုက်ခိုက်မှုအများအပြားဟာ အာဖဂန်မြေကနေ စတင်ခဲ့တာဖြစ်တယ်လို့ ပြောထားပြီး အာဖဂန်နစ္စတန်ကလည်း ဒီစွဲချက်ကို လုံးဝ ငြင်းဆိုထားပါတယ်။

အာဖဂန် တာလီဘန်အဖွဲ့ကို သစ္စာခံပြီး နာမည်ယူ မှည့်ခေါ်ထားတဲ့ TTP အဖွဲ့ဟာ အခု အာဖဂန်နစ္စတန်ကို အုပ်စိုးနေတဲ့ အဖွဲ့ရဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အဖွဲ့အစိတ်အပိုင်း မဟုတ်ပါဘူး။

အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ လုပ်ဆောင်ခဲ့တဲ့အတိုင်း ပါကစ္စတန်မှာ အစ္စလာမ္မစ် ဘာသာရေးဥပဒေကို ပြဋ္ဌာန်းဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013