Home
နိုင်ငံတကာ
ပါကစ္စတန်တွင် အမျိုးသမီးများအတွက် ဆိုင်ကယ်မောင်းသင်တန်း အစီအစဉ် လူကြိုက်များ
DVB
·
January 1, 2025
Photo: REUTERS/Nida Mehboob

ပါကစ္စတန်နိုင်ငံမှာ လာဟိုးရ် ယာဉ်ထိန်းရဲတပ်ဖွဲ့က အခမဲ့ သင်တန်းပေးနေတဲ့ ဘီးပေါ်မှ အမျိုးသမီးများ - (WOW) ဆိုတဲ့ အမျိုးသမီးများ မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်း အစီအစဉ်ကို လုပ်ဆောင်နေတာ အချိန်ကာလ ၇ နှစ် ရှိပါပြီ။

WOW ပရိုဂရမ်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့တာဖြစ်ပြီး အချိန်တလကြာ WOW အစီအစဉ်ဟာ အနည်းဆုံး အမျိုးသမီး ၆,၆၀၀ ကို လေ့ကျင့်ပေးခဲ့ပြီးတော့ လက်ရှိအသုတ်ဟာ စတင်ချိန်ကတည်းက ၈၆ ကြိမ်မြောက်ဖြစ်ကြောင်း ယာဉ်ထိန်းအရာရှိ ဆိုဟေးလ် မူဒက်ဆာက ပြောပါတယ်။

အသက်အရွယ်အမျိုးမျိုးနဲ့ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းအသီးသီးက အမျိုးသမီးတွေဟာ သူတို့ရဲ့ WOW အစီအစဉ်မှာ ပါဝင်ခဲ့ကြတယ်လို့ အမျိုးသမီး ၁,၀၀၀ လောက်ကို လေ့ကျင့်သင်ကြားပေးခဲ့တဲ့ အကြီးတန်း ယာဉ်ထိန်းအရာရှိ ဟူမိုင်ရာ ရာဖာကတ်က ပြောပါတယ်။

ပါကစ္စတန်မှာ ကားစျေးနှုန်းတွေ မြင့်တက်လာပြီး မော်တော်ဆိုင်ကယ်တွေက ဈေးသက်သာတဲ့ တခြားရွေးချယ်စရာ ဖြစ်လာတာကြောင့် ဒီ WOW အစီအစဉ်ကို မကြာသေးမီလတွေအတွင်း လူကြိုက်များလာခဲ့ပါတယ်။

တဦးချင်းရဲ့ နှစ်စဉ် GDP ၁,၅၉၀ ဒေါ်လာရှိတဲ့ ပါကစ္စတန်နိုင်ငံမှာ ရူပီး ၂ ဒသမ ၃ သန်း (ဒေါ်လာ ၈,၂၆၅) လောက် ကုန်ကျတဲ့ အသက်သာဆုံး လေးဘီးတပ်ယာဉ် မော်တော်ကားနဲ့ နှိုင်းယှဉ်ရင် တရုတ်လုပ် နှစ်ဘီးတပ် မော်တော်ဆိုင်ကယ်ဟာ ရူပီး ၁ သိန်းကျော် (၄၁၃ ဒေါ်လာ) လောက်သာ ကျသင့်တာမို့ ဝယ်ယူသုံးစွဲဖို့ အတတ်နိုင်ဆုံးယာဉ်လည်း ဖြစ်ပါတယ်။

ပါကစ္စတန်မှာ အမျိုးသမီးတွေ ဆိုင်ကယ်မောင်းတာကို တွေ့ရခဲပြီး အမျိုးသမီးတွေ မော်တော်ကား မောင်းနှင်တာ၊ အမျိုးသားတယောက် မောင်းနှင်တဲ့ ၂ ဘီးတပ်ယာဉ်ရဲ့ နောက်ထိုင်ခုံမှာ လိုက်ပါ ထိုင်စီးတာကိုတော့ ရှေးရိုးဆန်တဲ့ အစ္စလာမ်နိုင်ငံမှာ လူမှုရေးအရ ပိုမိုလက်ခံပေးထားပါတယ်။

ပါကစ္စတန်မှာ ၂ ဘီးတပ်ယာဉ်တွေကို မောင်းနှင်တဲ့ အမျိုးသမီးတွေကို ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ တားမြစ်ချက်တွေ ရှိခဲ့ပေမဲ့ အခုနောက်ပိုင်း အမျိုးသမီးတွေဟာ သွားရေးလာရေးမှာ အမျိုးသားတွေအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ ကြိုးစားလာကြပြီး သူတို့ရဲ့ယဉ်ကျေးမှုကို ပြောင်းလဲလာကြတာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013