ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ၂ ရပ်ကွက်က ဂိမ်းဆိုင်တခုမှာ အသက်မပြည့်သေးတဲ့ လူငယ်အမျိုးသား ၄ ယောက်အား အမျိုးသမီးတယောက်က စစ်ကောင်စီတပ်ကို လိမ်လည်ရောင်းစားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၁၇ ရက်က ရောင်းစားခံလိုက်ရသူတွေဟာ အသက် ၁၄ နှစ်မှ ၁၇ နှစ်ကြားအရွယ်တွေဖြစ်ပြီး တံတားကြီးရပ်ကွက်မှာ နေထိုင်ကြသူတွေပါ။
မြို့ခံတယောက်က “ကလေးတွေ ၂ ဈေး (တံတားကလေး) က ဂိမ်းဆိုင်မှာ ဂိမ်းဆော့ပြီး ပြန်အထွက်မှာ ခေါ်သွားခံရတာ။ ရပ်ကွက်ရုံးမှာ သန့်ရှင်းရေးလုပ်ရမယ်ဆိုပြီး။ ခေါ်သွားတာက အဝေးပြေးမှာ လူခေါ်ပေးတဲ့ ပွဲစား အမျိုးသမီး။ သူက အဲဒီကလေးတွေနေတဲ့ ရပ်ကွက်မှာလည်း နေခဲ့ဖူးတယ်” လို့ ပြောပါတယ်။
ဒီလူငယ် ၄ ယောက်အနက် ၃ ယောက်ကို အောင်မင်္ဂလာအဝေးပြေးကနေ မကွေးတိုင်း၊ မင်းဘူးခရိုင်ထဲက အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် (တမခ ၁၀၁) ကို စစ်မှုထမ်းဖို့အတွက် တယောက် ၁၆ သိန်းကျပ်နဲ့ ရောင်းစားခဲ့တာလို့ သိရပါတယ်။
ရပ်ကွက်ရုံးနဲ့ နီးစပ်သူတဦးက “ကျနော်တို့ ရုံးနာမည်ယူသုံးပြီး ကလေးတွေကို လိမ်ခေါ်သွားတာ။ စစ်တပ်ထဲ ထည့်တာပေါ့။ တယောက် ၁၆ သိန်းလို့ ပြောတယ်။ ဟိုအငယ်ကောင်လေးက ဗိုလ်ကြီး ခေါ်ထားလို့ ကျန်ခဲ့တယ်။ အဝေးပြေးမှာ လူခေါ်ပေးတဲ့ မိန်းမပါ။ အဲဒီမိန်းမကို သိတဲ့သူတွေနဲ့ လိုက်ရှာလို့ ကလေးတွေ ပျောက်သွားတာကို သိရတာ” လို့ ပြောပါတယ်။
အသက် ၁၄ နှစ်သား လူငယ်တယောက်ကိုတော့ အဝေးပြေးထိပ် စစ်ထောက်လှမ်းရေးတပ်က ဗိုလ်ကြီးအဆင့်ရှိသူက အသက်မပြည့်သေးလို့ ခေါ်ယူထားပေးတာကြောင့် ကျန်နေခဲ့တာလည်း ဖြစ်ပါတယ်။
တမခ ၁၀၁ ကို စစ်မှုထမ်းဖို့ ငွေကြေးနဲ့ ရောင်းစားခံရတဲ့ အသက်မပြည့်သေးတဲ့ လူငယ် ယောက်စလုံးဟာ ဒီဇင်ဘာ ၂၁ ရက်နေ့အထိ မိဘအုပ်ထိန်းသူတွေဆီကို ပြန်လည် မရောက်ရှိသေးဘူးလို့ သိရပြီး လိမ်လည်ခေါ်ယူ ရောင်းစားလိုက်တဲ့ အမျိုးသမီးကို စစ်ကောင်စီဘက်က ဖမ်းဆီးအရေးယူခြင်း မရှိသေးပါဘူး။