မန္တလေးမြို့မှာ ညဦးပိုင်းကစပြီး လူငယ်တွေအပြင်မထွက်ကြဖို့ ဒီဇင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက သတိပေးခိုင်းနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မန္တလေးမြို့ခံ လူငယ်တယောက်က “ဒီနေ့မှ (ဒီဇင်ဘာ ၁၉ ရက်) အဲ့ဒိသတင်းကြားရတာဗျ။ လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို ညဦးပိုင်းပေါ့ ၇ နာရီကျော်ရင် အပြင်မထွက်ကြဖို့လို့ ရဲတွေက လူငယ်တွေ အချင်းချင်း စကားလက်ဆင့်ကမ်းပေးကြပါဆိုတာကြားလို့။ ကျနော်လည်း ၆ နာရီလောက်ကတည်းက အိမ်ကိုပြန်လာပြီး သူငယ်ချင်းတွေကို ဖုန်းဆက်နေတာ။ ကျနော့် သူငယ်ချင်းတွေလည်း အဲ့ဒိကိစ္စကြားနေနှင့်တယ်တဲ့ဗျ” လို့ ပြောပါတယ်။
မန္တလေးမြို့ပေါ်မှာ အခုရက်ပိုင်း ပေါ်တာဆွဲတာတွေအပြင် ခိုးမှုတွေနဲ့ ဓားပြတိုက်မှုတွေလည်း ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် မြို့ခံတွေ စိုးရိမ်ပူပန်နေကြတယ်လို့လည်း ဆိုပါတယ်။
မန္တလေးမြို့က ပရဟိတအဖွဲ့တခုရဲ့ တာဝန်ရှိသူက “တရားဝင်ကြေညာချက်ထုတ်တာမဟုတ်ပေမဲ့ အဲ့ဒိသတင်းကြားတယ်ပေါ့ဗျာ။ ကျနော်တို့ အဖွဲ့ထဲမှာလည်း လူငယ်တွေ လူလတ်ပိုင်းတွေလည်းရှိနေတော့ အဲ့ဒိသတင်းကြားတာနဲ့ ရုံးအစောကြီးပိတ်ပြီး ညနေ ၆ နာရီလောက်ကတည်းက အိမ်ပြန်ကြတာဗျ။ ဖြစ်သွားရင်မကောင်းဘူးလေ။ ဘယ်လိုဘဲဖြစ်ဖြစ် လူငယ်တွေအနေနဲ့ ညနေ ၆ နာရီမထိုးခင် အိမ်ပြန်နားကြတာအကောင်းဆုံးပါပဲ”လို့ DVB ကို ပြောပါတယ်။
အဆိုပါသတင်းကြောင့် မန္တလေးမြို့ပေါ်က စျေးဆိုင်တွေလည်း ညနေပိုင်းမှာစောစီးစွာပိတ်ကြသလို လူသွားလူလာတွေလည်း အရမ်းနည်းပါးသွားပါတယ်။
မန္တလေးမှာ ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်အတွင်း မန္တလေးမြို့က လူငယ် ၁၂၅ ယောက် ပေါ်တာဆွဲဖမ်ဆီးခံရတယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။
အသက် ၄၀ ကျော် မန္တလေးမြို့သားတယောက်က “ကျနော်တို့ဝန်ကြီးချုပ် ဆရာဇော့်လက်ထက်က စည်ကားခဲ့တဲ့ မန္တလေးမြို့က သူတို့စစ်တပ်အာဏာသိမ်းပြီးမှ ပေါ်တာဆွဲတာတွေ၊ ဓားပြတိုက်တာတွေက ဆက်တိုက်ဖြစ်နေတော့လေ မန္တလေးမြို့ကြီးက ဆရာဇော့်လက်ထက်ကလို နေချင့်စဖွယ်မကောင်းတော့ဘူးဗျာ။ ဆရာဇော်မြင့်မောင်ကို အရမ်းသတိရတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းမှာလည်း မန္တလေးမြို့လယ် ရွှေစင်အကယ်ဒမီရွှေဆိုင် က ကျပ်သိန်း ၃၀,၀၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေဓားပြတိုက်ခံခဲ့ရပါတယ်။