ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ် အခြေစိုက် ခမရ ၁၀၈ မှာ အဓမ္မစုဆောင်းခံထားရတဲ့ အရပ်သား စစ်မှုထမ်း လူငယ် ၆၀ ကျော်ကို မကွေးတိုင်းဘက် ပို့လိုက်တယ်လို့ ဓနုဖြူ ခမရ ၁၀၈ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီရဲ့အမိန့်နဲ့ အဓမ္မ စစ်မှုထမ်း စစ်သားစုဆောင်းခဲ့တဲ့ အရပ်သား စစ်မှုထမ်းလူငယ် ၆၀ ကျော်ကို စစ်ကားတွေနဲ့ ဒီဇင်ဘာ ၂ ရက်က မကွေးတိုင်းဘက်ကို ပို့လိုက်တာလို့ နီးစပ်သူက ဆိုပါတယ်။
ဓနုဖြူ ခမရ ၁၀၈ တပ်နဲ့ နီးစပ်သူက “စုဆောင်းခံရတဲ့ အားလုံးက ဧရာဝတီတိုင်းထဲက လူငယ်တွေပါ။ အားလုံး အယောက် ၆၀ ကျော်ကျော် အပို့ခံရတာ။ စစ်ကား ၇ စီးနဲ့ ဗိုလ်ကြီးအဆင့်ရှိတဲ့သူက ဦးဆောင်ပြီး သွားပို့တာ။ စစ်မှုထမ်းအပတ်စဉ် ၅ ကျောင်းဆင်းတွေပါ” လို့ ပြောပါတယ်။
ဓနုဖြူ ခမရ ၁၀၈ တပ်ကနေ စစ်သားစုဆောင်းပြီး မကွေးတိုင်းထဲ အပို့ခံရတဲ့ လူငယ်တွေ အများစုဟာ အသက် ၂၀ ကျော်အရွယ်တွေများပြီး ဖျားနာ နေမကောင်းဖြစ်နေတဲ့ လူငယ် ၂၀ ကျော်အထိ ပါတယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ဧရာဝတီတိုင်း ဝန်ကြီးချုပ်ကို ဧရာဝတီတိုင်းက ပြည်သူ့စစ်မှုထမ်းအများဆုံး ထမ်းဆောင်ဆု ပေးခဲ့လို့ အခုလို လူငယ်တွေကို အတင်းအဓမ္မ စစ်သားစုဆောင်းပေးနေတာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။