Home
မြန်မာသတင်း
ဧရာဝတီတိုင်းမှ တပ်သားသစ် ၁,၀၀၀ ကို တနင်္သာရီတိုင်းသို့ ပို့ဆောင်
DVB
·
December 3, 2024
Photo: DVB

ဧရာဝတီတိုင်းအတွင်း မြို့နယ်တွေထဲက စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်း တက်ရောက်ခဲ့တဲ့ တပ်သားသစ် ၁,၀၀၀ ကို ဒီဇင်ဘာ ၂ ရက် မနက် ၈ နာရီလောက်က ကမ်းရိုးတန်း ဘတ်တံဆိပ်တွေ တပ်ပေးပြီး စစ်ဆင်ရေးနယ်မြေတွေကို ပို့ဆောင်လိုက်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ပုသိမ်) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ဆင်ရေးဒေသ အပို့ခံရတဲ့ တပ်သားသစ် အယောက် ၁,၀၀၀ ထဲမှာ အမျိုးသမီး တပ်သားသစ် အယောက် ၃၀၀ လောက် ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့နီးစပ်သူတယောက်က “ပုသိမ်မြို့ကနေ ရန်ကုန် အုတ်ကျင်းမှာရှိတဲ့ အမှတ် ၁ တည်းခိုရိပ်သာမှာ စုထားပြီး တနင်္သာရီတိုင်း သင်္ကေတဖြစ်တဲ့ ကမ်းရိုးတန်းဘတ်တံဆိပ်တွေ တပ်ပေးထားပြီး တနင်္သာရီဘက်က စစ်ဖြစ်နေတဲ့နေရာတွေကို ပို့ဆောင်မှာဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။

စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိတဲ့ နေရာတွေမှာ စစ်ရေးအရ ရှုံးနိမ့်လာနေတာကြောင့် မြေပြင်ကနေ ထိုးစစ်မဆင်နိုင်တော့ဘဲ လေကြောင်းတိုက်ခိုက်မှုတွေကို အားထားလုပ်ဆောင်နေရတဲ့အပြင် စစ်မှုထမ်းဥပဒေ အတည်ပြုပြီး ပြည်သူတွေကို စစ်မှုမထမ်းမနေရ အမိန့်ထုတ်ကာ စစ်သင်တန်း အမြန်ဆုံး သင်ကြားပေးပြီး သင်တန်းဆင်းတာနဲ့ ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေရတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ပုသိမ်) နဲ့ နီးစပ်သူက ပြောပါတယ်။

“စစ်သားတယောက်ဖြစ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ခြေလျင် ခြေမြန် တပ်တွေဆိုရင် အခြေခံစစ်ပညာသင်တန်းကို ၄ လကနေ ၆ လအထိ တက်ရောက်သင်ယူရတယ်။ ခုက စစ်ရေးပြတောင် ဘယ်ညာဘယ်ညာလောက် သင်ကြားပေးပြီး လက်နက်ငယ်ဖြုတ်တပ်ရုံ တိုက်ချွတ်ရုံနဲ့ စက်ပစ်ကွင်းမှာ ကျည် ၅ တောင့်လောက် ပစ်တတ်ရုံ ၃ လလောက် သင်ပေးပြီး ရှေ့တန်းစစ်မြေပြင်တွေကို လွှတ်နေတာ။”

နိုဝင်ဘာလ နောက်ဆုံးအပတ်ကလည်း ရခိုင်ဒေသစစ်ဆင်ရေးကို အပို့ခံရတဲ့ ပုသိမ်မြို့နယ် အခြေစိုက် ခလရ ၁၁ နဲ့ ဓနုဖြူအခြေစိုက် ခမရ ၁၀၈ တပ်ရင်းက အရာရှိ အပါအဝင် အခြားအဆင့်တွေပါ ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးခဲ့တာကြောင့် နောက်တန်းမှာရှိတဲ့ အရာရှိတွေ အပါအဝင် မိသားစုဝင်တွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီက  သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013