ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ က ရပ်ကွက်၊ မေယုလမ်းမှာနေထိုင်တဲ့ စိတ်ကျန်းမာရေးချို့ယွင်းသူ ဆယ်ကျော်သက်တဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာလ ၁၈ ရက် မနက် ၅ နာရီလောက်က ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရသူဟာ အသက် ၁၅ နှစ်သာ ရှိသေးတဲ့ မောင်မိုးဆိုသူဖြစ်ပြီး အနန်းပင်ရပ်ကွက်နဲ့ ကရပ်ကွက်ကြားက ရထားသံလမ်းမှာ မီးရထားအလံပြသူအဖြစ် စေတနာ့ဝန်ထမ်း လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
မျက်မြင်တွေ့သူတွေရဲ့ ပြောပြချက်အရ အဆိုပါမနက်ပိုင်းက အမှတ် ၅၀၂ လေတပ်ဝန်းကနေ ထွက်လာတဲ့ စစ်ကားတစ်စီးပေါ် အတင်းအဓမ္မ ဆွဲတင်ခံခဲ့ရတာဖြစ်ပြီး ကားပေါ်ဆွဲမတင်ခင်မှာ စစ်ကောင်စီအဖွဲ့ဝင် ၂ ဦးက ပါးရိုက်ခြင်း၊ ထိုးကြိတ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တရပ်ကွက်တည်းနေသူတဦးက “အဲ့ကလေးက သံလမ်းမှာ ရထားလာရင် ဝီစီလေး မှုတ်ပြီး ကားတား၊ ဆိုင်ကယ်တားပေးနေတဲ့ ကလေးပါ။ အသက်လည်း မပြည့်သေးဘူး။ ဦးနှောက်လည်း မကောင်းဘူး။ စကားလည်း လေးလုံးမကွဲဘူး။ သံလမ်းက ဂိတ်တဲလေးမှာ ထိုင်နေတုန်း စစ်ကားက ရောက်လာပြီး ပါးတွေရိုက် လက်သီးနဲ့ ထိုးတာ။ ကလေးက ကြောက်ပြီး အော်ငိုနေတာ။ ကားပေါ်က ၂ ယောက်ဆင်းလာပြီး ချိုင်းကနေ မပြီး အတင်းဆွဲတင်သွားတာ”လို့ ဆိုပါတယ်။
ဖမ်းဆီးသွားတဲ့ စစ်ကားဟာ ပုရွက်ဆိပ်ကုန်းဘူတာဘက်ကို ရွာဦးလမ်းအတိုင်း မောင်းနှင်သွားခဲ့ကာ စိတ်မကျန်းမာတဲ့ လူငယ်ကို မြောက်ဥက္ကလာပမြို့နယ်၊ ညရပ်ကွက်ရုံးမှာ ချထားပေးခဲ့ပါတယ်။
အဆိုပါရုံးမှာပဲ ထိပ်တုံးခတ် ချုပ်နှောင်ထားခံရတဲ့ စိတ်မကျန်းမာသူလူငယ်ကို စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက အမှတ် ၁ စစ်သားစုဆောင်းရေးတပ်၊ တညင်းကုန်းကို ပို့ဆောင်ဖို့အတွက် လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကူညီပေးသူတွေနဲ့ မိသားစုဝင်တွေက ရပ်ကွက်နေထိုင်ကြောင်းနဲ့ စိတ်မကျန်းမာကြောင်းထောက်ခံစာ၊ မွေးစာရင်းတွေ၊ ရပ်ကွက်တွင်းနေထိုင်သူတွေနဲ့ သွားရောက်ခေါ်ဆောင်ခဲ့တာကြောင့် အဆိုပါ ညပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။