
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အနောက်ခြမ်းက ပျူစောထီးစိုးမိုးနယ်မြေမှာ ဓားပြတိုက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ညောင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “အဆိုးဆုံးဖြစ်နေတာက ပျူစောထီးစိုးမိုးနယ်မြေတွေဖြစ်တဲ့ ညောင်ဦးအနောက်ပိုင်းတွေမှာအဖြစ်များတယ်။ ဓားပြတိုက် လူသတ်မှုတွေက ဆက်တိုက်ဆိုသလိုဖြစ်နေတယ်။ ပျူတွေကို စစ်တပ်က ရိက္ခာတွေမပို့နိုင်တော့ ဓားပြတိုက်စားနေရတဲ့ အခြေအနေဖြစ်နေတာပေါ့။ စစ်ကောင်စီဘက်ကလည်း ထိထိရောက်ရောက် မကိုင်တွယ်တာကိုတွေ့နေရတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက် မနေ့ညဦးပိုင်းက ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းပေါ်က အောက်ညဉ့်ကျေးရွာနားမှာ ဖွင့်လှစ်ထားတဲ့ BOB စက်သုံးဆီအရောင်းဆိုင်ကို ပျူစောထီး ၅ ယောက် သေနတ်တွေကိုင်ဆောင်ရောက်လာပြီး ငွေကျပ်သိန်း ၂၀ ကျော်နဲ့ ဆိုင်ကယ် ၁ စီးတို့ကို ဓားပြတိုက်လုယက်ယူဆောင်သွားကြတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း ချောက်-ညောင်ဦးကားလမ်းမပေါ်က မေရီမြင့် စက်သုံးဆီဆိုင် ပိုင်ရှင်အမျိုးသမီး ၂ ယောက်ကို ဓားပြတိုက်သတ်ဖြတ်သွားကြပြီး ငွေကျပ်သိန်း ၅၀၀ ကျော် ယူဆောင်သွားကြသလို ဒီဇင်ဘာ ၂၆ ရက်နေ့ကလည်း ပျူစောထီး စိုးမိုးနယ်မြေဖြစ်တဲ့ ညောင်ဦးမြို့နယ်အနောက်ပိုင်းက မြို့သာကျေးရွာနဲ့ ကြအိုကျေးရွာတို့မှာ တညတည်း ဓားပြတိုက်မှု ၂ ခု ဖြစ်ခဲ့ပြီး ကြအိုကျေးရွာ ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်က ဆိုင်ပိုင်ရှင် သားအဖ ၂ ယောက်လုံးကိုလည်း သတ်ဖြတ်သွားကြတယ်လို့ သိရပါတယ်။
ညောင်ဦး ပကဖ တာဝန်ခံ ကိုဇီး က “အခု ဓားပြမှုတွေဆက်တိုက်ဖြစ်နေတဲ့နေရာတွေက ပျူစိုးမိုးတဲ့နေရတွေမှာဖြစ်နေတာ။ ကျနော် သိရသလောက်တော့ ဓားပြတိုက်တဲ့ပျူတွေက Mark 2 နဲ့ Alphad ကားတွေကို အသုံးများတယ်။ ပျူအဖွဲ့တဖွဲ့တည်းကပဲ ဓားပြမှုတွေ ကျူးလွန်နေတယ်လို့ ယူဆရတယ်ပေါ့။ ညောင်ဦးအနောက်ခြမ်းမှာရှိနေတဲ့ပျူတွေက နယ်ခံတွေမဟုတ်ကြဘူး။ စစ်တပ်ကလက်နက်ပေးထားတဲ့ညောင်ဦးမြို့ပေါ်ကပျူတွေလို့ သိရတယ်။ သူတို့ရည်ရွယ်ချက်က သူတို့လည်းပိုက်ဆံရ PDF တွေရဲ့ ပုံရိပ်ကျဆင်းအောင် လုပ်နေတဲ့သဘောပါ။ အဲဒီဘက်က ပျူတွေစိုးမိုးတဲ့နယ်မြေတွေကို ကျနော်တို့တွေဘက်က ထိန်းချုပ်စိုးမိုးနိုင်ဖို့ကြိုးစားနေပါတယ်” လို့ DVB ကို ပြောပါတယ်။
ပျူစောထီးတွေဟာ လူသတ်ဓားပြတိုက်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့အပြင် အခုရက်ပိုင်းမှာလည်း ပြည်သူပိုင်လမ်းတွေပေါ်မှာ ကင်းပုန်းဝပ်ပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေပါ ပြုလုပ်လာနေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ညောင်ဦးမြို့နယ်အတွင်းမှာ ဓားပြတိုက်မှုဖြစ်စဉ် ၁၅ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့သိရပြီး အဲဒါတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ညောင်ဦးမြို့မရဲစခန်းကို DVB က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုသူမရှိပါဘူး။
ညောင်ဉ်းမြို့နယ်အတွင်း ဓားပြမှုတွေမှာပါဝင်ခဲ့သူ ၁ ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါသေးတယ်။