Home
မြန်မာသတင်း
ညောင်ဦးတွင် ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
DVB
·
January 8, 2025
Photo-Southern YSO PDF

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF က ဇန်နဝါရီ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Southern YSO PDF ရဲ့ ပြန်ကြားရေးတပ်ဖွဲ့ဝင်က “သူက ညောင်ဦးနဲ့ ပခုက္ကူမှာ တလှည့်စီ တာဝန်ကျနေရင်းနဲ့ အခု အလင်းဝင်တဲ့အချိန်က ညောင်ဦး ခုတင် ၁၀၀ ဆေးရုံမှာ တာဝန်ကျနေတဲ့အချိန် ကျနော်တို့ဆီကို အလင်းဝင်ဖို့ ဆက်သွယ်လာခဲ့တာပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာသူဟာ မိတ္ထီလာ၊ ရဲတပ်ရင်း ၃၅ က အသက် ၁၉ နှစ်အရွယ် ရဲတပ်သား နေသူအောင် (ကိုယ်ပိုင်အမှတ် တ/၃၀၄၄၀၉) ဖြစ်တယ်လို့ ဆိုပါတယ်။

Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက “လွတ်လပ်ရေးနေ့မှာ အထိမ်းအမှတ်ဖြစ်အောင် အလင်းဝင်ချင်တယ်ဆိုလို့ သူရှိတဲ့နေရာကို သွားခေါ်ခဲ့ရတယ်။ ညောင်ဦးဘက်မှာ တာဝန်ကျနေတာ ၃ လလောက် ရှိပြီတဲ့။ ပြည်သူ့အပေါ်မှာ ယုတ်မာရိုင်းစိုင်းတဲ့ အလုပ်တွေ မလုပ်ချင်တော့လို့ အလင်းဝင်တာလို့ သိရတယ်ဗျ။ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့အတွက်လည်း သိန်း ၄၀ ချီးမြှင့်ပေးလိုက်ပြီး သူနေထိုင်ချင်တဲ့နေရာကို ပို့ပေးထားပြီးပါပြီ” လို့ DVB ကို ပြောပါတယ်။

ရဲတပ်သား နေသူအောင်ဟာ ပါးရီစက်ကလေး သေနတ်အမျိုးအစား (ခေါ် ) 81 သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ 7.62 ကျည် အတောင့် ၅၀ တို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့တာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်အထိ Southern YSO PDF အဖွဲ့ဆီကို အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲတပ်ဖွဲ့ဝင် ၂၀ ကျော် ရှိနေပြီလို့လည်း သူက ဆက်ပြောပါတယ်။

အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်ညီအစ်ကိုများအနေနဲ့ အာဏာရှင်မျိုးဆက်၊ အာဏာရှင်ခိုင်းဖတ် အဖြစ်မခံကြဘဲ ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလူံကြဖို့ တိုက်တွန်းထားတယ်လို့လည်း Southern YSO PDF ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013