မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဇန်နဝါရီ ၁ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ တောင်သာ ပကဖ ဆီကနေ သိရပါတယ်။
တောင်သာ ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “အလင်းဝင်လာကြသူတွေက ရဲတပ်ဖွဲ့ဝင်တွေပါ။ သူတို့ ၂ ယောက်လုံးက တပ်သားအဆင့်တွေ ဖြစ်ပါတယ်။ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာကြတာပါ” လို့ ပြောပါတယ်။
ရဲတပ်သားတွေဟာ G3 သေနတ် ၁ လက်၊ ကျည် ၁၀၁ တောင့်၊ ကျည်ဘောက် ၂ ခု၊ အူဇီ သေနတ် ၁ လက်၊ ကျည် ၁၈ တောင့်တို့နဲ့အတူ အလင်းဝင်ရောက်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုကြည်စတားက “သူတို့ ၂ ယောက်လုံးကို ကျနော်တို့ဘက်က နွေးနွေးထွေးထွေးဆက်ဆံပြီး ကျနော်တို့ဆီက ရဲဘော်တွေနဲ့ တပြေးညီပဲ ထားထားပေးပါတယ်။ ဆုကြေးငွေ သိန်း ၅၀ စီလည်း ပေးအပ်ပြီးပါပြီ။ ကျနော်တို့ တော်လှန်တိုက်ခိုက်နေတာဟာ ဖက်ဆစ်ဝါဒကျင့်သုံးပြီး လက်နက်အားကိုးနဲ့ ပြည်သူနဲ့ ပြည်သူ့ဆန္ဒကို နိုင်လိုမင်းထက် အကြမ်းဖက် သတ်ဖြတ်ဖျက်ဆီးတဲ့ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ဆိုးကိုပါ” လို့ ပြောပါတယ်။
မြေပြန့်တောင်ပေါ် မခွဲခြားတဲ့၊ လူမျိုးဘာသာ မခွဲခြားတဲ့၊ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ ဖြစ်ဖို့ ကြိုးစားတိုက်ပွဲဝင်နေတဲ့အချိန်မှာ စစ်ကောင်စီလက်အောက်မှာ ရှိနေသူတွေအားလုံး ပြည်သူနဲ့ အမြန်ဆုံး ပူးပေါင်းပါဝင်ကြဖို့နဲ့ ပူးပေါင်းပါဝင်လာသူတွေကို ဝမ်းမြောက်ဝမ်းသာနဲ့ နွေးနွေးထွေးထွေး ကြိုဆိုနေမှာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒီဇင်ဘာ ၁၆ ရက်ကလည်း ရန်ကုန် ရဲတပ်ရင်း ၅ (မှော်ဘီ) က ရဲတပ်သားတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့တဲ့အတွက် ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့တယ်လို့လည်း တောင်သာ ပကဖ ဆီကနေ သိရပါတယ်။