Home
မြန်မာသတင်း
ပေါက်မြို့နယ်၌ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်
DVB
·
January 1, 2025
Photo-Young Revolution Front

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းက ရဲတပ်သား  တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖြစ်တဲ့ Young Revolution Front  YRF ဆီကနေသိရပါတယ်။

Young Revolution Front (YRF) ရဲ့ ပြန်ကြားရေးတာဝန်ခံက “ပေါက်မြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ရေပြာနယ်မြေရဲစခန်းက ရဲတပ်သား တယောက် လက်နက်ခဲယမ်းတွေနဲ့ယူဆောင်လာပြီး ပေါက်တောင်ပိုင်းမှာရှိတဲ့ ကျနော်တို့ အဖွဲ့ဆီကို အလင်းဝင်ရောက်လာခဲ့တာပါ”လို့ ပြောပါတယ်။

အဆိုပါ ရဲတပ်သားဟာ G3 သေနတ် တလက်၊ ကျည် ၈၂ တောင့်နဲ့ အတူ အလင်းဝင်ရောက်လာတာဖြစ်ပါတယ်။

YRF တာဝန်ခံ ဗိုလ်နားပေါက်က“သူ့နဲ့အတူနေတာက သူ့အမေရှိတယ်။ အဲ့ဒါကြောင့် သူ့အမေကိုလည်း ကယ်ထုတ်ပေးဖို့ တောင်းဆိုလာတဲ့အတွက် သူ့ဆန္ဒအတိုင်း သူ့အမေကိုပါ ကျနော်တို့ရဲဘော်တွေ ကယ်ထုတ်လာနိုင်ခဲ့တယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေက ပေါက်မြို့နယ်ထဲမှာရှိတဲ့ သူတို့ စကစ စခန်းတွေနဲ့ ပျူရွာတွေကို မသိမ်းနိုင်သေးဘူးဆိုပေမဲ့ သူတို့ရဲ့ ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ထား နိုင်တာရယ်၊ သူတို့စခန်းချတဲ့ရွာတွေမှာရှိတဲ့ ပြည်သူတွေက သူတို့ဘက်မပါတာရယ်တွေက သူတို့ စကစလက်အောက်ခံတွေ ရှေ့ဆက် ရပ်တည်နိုင်ဖို့ အတော်လေးခက်ခဲနေကြတယ်ပေါ့ဗျာ။ အဲ့ဒါကြောင့်မို့လို့လည်း စကစတပ်ဖွဲ့ဝင်တွေ ဆက်တိုက် အလင်းဝင်လာနေကြတာပါ”လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ကနေရုန်းထွက်လာကြပြီး YRF နဲ့ ပူးပေါင်းလာကြသူတွေကို လုံခြုံတဲ့ နေရာတွေဆီပို့ဆောင်ပေးခဲ့ပြီး လိုအပ်ချက်တွေကိုလည်းကူညီပံ့ပိုးခဲ့သလိုနောက်ထပ် အလင်းဝင်လာချင်သူတွေကိုလည်း ဖိတ်ခေါ်ထားတယ်လို့ ပါတယ်။

ဒီဇင်ဘာ ၂၆ ရက်ကလည်း ပေါက်မြို့နယ်တောင်ပိုင်း ကိုင်းလယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တယောက်နဲ့ ဇွန် ၉ ရက်ကလည်း ကိုင်းလယ်ရဲစခန်းက ရဲတပ်ဖွဲ့ဝင် တယောက်တို့ဟာလည်း လက်နက်ခဲယမ်းတွေနဲ့အတူ Young Revolution Front ဆီကို အလင်းဝင်ရောက်လာခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013