မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကိုင်းလယ်နယ်မြေရဲစခန်းက ရဲတပ်သား ၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ Y.R.F ဆီကနေ သိရပါတယ်။
Young Revolution Front (Y.R.F) ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ တယောက်နဲ့ တယောက် အလင်းဝင်လာကြတဲ့အချိန်တွေကတော့ လပိုင်းတွေ ကွာခြားကြပါတယ်။ ၂ ယောက်စလုံးက ကိုင်းလယ်နယ်မြေရဲစခန်းက ရဲတပ်သားအဆင့်တွေပါပဲ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လကတည်းက ရဲတပ်သား ၁ ဦးဟာ G3 သေနတ်နဲ့ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့သလို ဒီဇင်ဘာ ၂၆ ရက်မှာလည်း နောက်ထပ်ရဲတပ်သား ၁ ဦးဟာ G3 သေနတ်နဲ့ အလင်းဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။
“သူတို့ ၂ ယောက် အလင်းဝင်လာတဲ့ဖြစ်စဥ်တွေကတော့ မတူကြပါဘူး။ ပထမတယောက်က အဲ့ဒိ ကိုင်းလယ်ရဲစခန်းကို တာဝန်ကျပြီး သိပ်မကြာခင်မှာပဲ ကျနော်တို့အဖွဲ့နဲ့ ဆက်သွယ်ပြီး အလင်းဝင်လာတာပါ။ နောက်တယောက်ကတော့ အတွင်းထဲမှာပြဿနာဖြစ်ပြီး အထက်လူကြီးက အကြပ်ကိုင်ခြိမ်းခြောက်လို့ အလင်းဝင်လာတာဖြစ်ပါတယ်။ နောက်ထပ်ကျန်နေသေးတဲ့ ပေါက်နယ်ထဲက စကစလက်အောက်ခံတွေအနေနဲ့ ပြည်သူတွေနဲ့ နွေးနွေးထွေးထွေးနေနိုင်ကြဖို့ ကျနော်တို့အဖွဲ့နဲ့ ဆက်သွယ်ပြီး အမြန်ဆုံးရုန်းထွက်ခဲ့ကြဖို့ တိုက်တွန်းဖိတ်ခေါ်ပါတယ်” လို့ Y.R.F ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုနတ်ဆိုး က DVB ကို ပြောပါတယ်။
အလင်းဝင်ရောက်လာခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားပြီး စားဝတ်နေရေးနဲ့ အခြားလိုအပ်ချက်တွေကိုလည်း ကူညီဆောင်ရွက်ပေးနေသလို ဆုကြေးငွေတွေကိုလည်း ချီးမြှင့်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။
ပေါက်မြို့နယ်အတွင်း ပျူစောထီတွေဖြစ်ကြတဲ့ တပ်ကုန်းကျေးရွာနဲ့ ရွာသစ်ကျေးရွာတွေက ဒေသခံပြည်သူ ၁၇၀ ကျော်ဟာလည်း Y R.F ဆီကို ဝင်ရောက်ခိုလှုံလာကြပြီလို့ သိရပါတယ်။
Photo: Young Revolution Front