Home
မြန်မာသတင်း
ထီးလင်းမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းနှင့် မိသားစုလိုက် အလင်းဝင်
DVB
·
December 27, 2024
Photo : ဗျူဟာအမှတ် - ၈၁ ယောဗျူဟာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့မရဲစခန်းက ရဲတပ်သားတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ မိသားစုလိုက် အလင်းဝင်ရောက်လာကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း ဗျူဟာအမှတ်-၈၁ (ယောဗျူဟာ) ထံက သိရပါတယ်။

ထီးလင်းမြို့မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သားတယောက်ဖြစ်တဲ့ ချင်းတိုင်းရင်းသား ကိုထန်းဖေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ G-3 ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၁၉၄ တောင့်နဲ့အတူ မိသားစုလိုက် အလင်းဝင်ရောက်ခဲ့တာလို့ အမှတ် ၈၁ ယောဗျူဟာ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“သူက ထီးလင်းမြို့ကနေ ဒီဇင်ဘာလ ၂၂ ရက် မနက်အစောပိုင်းမှာ မိသားစုလိုက် ထွက်ခွာခဲ့တာပါ။ ရဲတွေကို ကင်းစောင့်ချိန်ပဲ လက်နက်ပေးကိုင်တယ်လို့ သိရတယ်။ ပြောရရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေကြားမှာ မယုံကြည်မှု သံသယတွေတိုးလာပြီး လက်နက်ကိုင်ဆောင်ခွင့်တွေပါ ပိုပြီးတင်းကျပ်လာတဲ့ အနေအထားပါ။”

ဒါ့အပြင် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တဲ့ ရဲတပ်သား ထန်းဖေကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့ကြောင်း ဗျူဟာအမှတ်-၈၁ (ယောဗျူဟာ) ထံက သိရပါတယ်။

ထီးလင်းမြို့ ရွှေထီးခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အရာရှိတွေက “CDM လုပ်ရင် သေနတ်ယူပြီး အသတ်ခံရမှာ၊ သူတို့ကြေညာတာတွေကို မယုံနဲ့” လို့ အယုံသွင်း ဝါဒဖြန့်ချိတာ ခံထားရသလို မှိုင်းမိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အချိန်မီ အမြန်ဆုံး CDM ပြုလုပ်ပါက လက်ခံကြိုဆိုသွားမှာဖြစ်ကြောင်း ဗျူဟာအမှတ်-၈၁ (ယောဗျူဟာ) က အသိပေး ထုတ်ပြန်ထားပါတယ်။

အလားတူ အခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း မြန်မာပြည်နေရာအနှံ့မှာ စစ်သား၊ ရဲနဲ့ အကျဉ်းဦးစီးဝန်ထမ်းတချို့ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၄၇၅ ယောက် အလင်းဝင်ရောက်ခဲ့သလို လက်နက်တွေနဲ့အတူ ချိတ်ဆက် အလင်းဝင်ရောက်ခဲ့သူမှာ ၁၉၁ ယောက်ထိ ရှိလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အချက်အလက် ကောက်ယူမှုတွေအရ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013