မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးတပ်က စစ်သားတယောက် ဒီဇင်ဘာ ၂၃ ရက်မှာ အလင်းဝင်ရောက်လာတယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
မန္တလေးအခြေစိုက် ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “သာမန် တပ်သားအဆင့်ပဲ ရှိပါတယ်။ အခြေအနေမပေးလို့ အလင်းဝင်လာတဲ့သူက လက်နက်ခဲယမ်းတွေ ပါမလာပါဘူး” လို့ ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်သားဟာ အလင်းဝင်ရောက်လိုတယ်လို့ ဆက်သွယ်လာတဲ့အတွက် တပ်ဖွဲ့ဝင်တွေက သွားရောက်ခေါ်ဆောင်လာခဲ့ကြရတာလို့ ဆိုပါတယ်။
ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူ့ကို ခက်ခက်ခဲခဲ သွားခေါ်ခဲ့ရတယ်။ လမ်းကြောင်းအကျပ်အတည်းဖြစ်လို့ လက်နက်ယူမလာနိုင်တာ။ အခုတော့ သူ့ကို လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပြီးပါပြီဗျ။ နောက်ထပ်လည်း စိတ်ရင်းအမှန်နဲ့ အလင်းဝင်မယ်ဆိုရင် ကျနော်တို့ဘက်က အတတ်နိုင်ဆုံး ကူညီပေးသွားမှာပါ” လို့ DVB ကို ပြောပါတယ်။
လက်ရှိအချိန်ဟာ စစ်ကောင်စီတပ်ရဲ့ တပ်တွင်းပိုင်းအခြေအနေကို စစ်ကောင်စီတပ်ဖွဲ့တွေက အသိဆုံးဖြစ်တာမို့ ရတဲ့နည်းနဲ့ ရသလိုပြေးကြဖို့ တိုက်တွန်းချင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
မန္တလေးအနီးတဝိုက်မှာ မစ်ရှင်တွေ ဆက်တိုက်ဖော်ဆောင်သွားတော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ဘက်တော်သားတွေ၊ စစ်ကောင်စီယာဥ်တန်းတွေနဲ့ နီးကပ်တဲ့ နေရာတွေကို ရှောင်ရှားကြဖို့ သတိပေးထားတယ်လို့လည်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။