Home
မြန်မာသတင်း
တောင်သာတွင် လေတပ်ဗိုလ်ကြီးနှင့် ဒုအရာခံဗိုလ်တို့ ပစ်သတ်ခံရ
DVB
·
December 30, 2024

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဒီဇင်ဘာ ၂၉ ရက် မနက် ၇ နာရီဝန်းကျင်က လေတပ်ဗိုလ်ကြီး တယောက်နဲ့ တပည့်ဖြစ်သူ ဒုအရာခံဗိုလ်တို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) ကနေ သိရပါတယ်။

PLA တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ ၂ ယောက်က မနက်ပိုင်း လက်ဖက်ရည် သောက်နေကြတဲ့အချိန် ကျနော်တို့ရဲဘော်တွေက ပစ်ခတ်ခဲ့တာပါ။ ၂ ယောက်လုံး ပွဲချင်းပြီးသေပါတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသွားကြသူတွေဟာ မိတ္ထီလာလေတပ်က လေတပ်ဗိုလ်ကြီး ကြည်ဖေလင်း (ပြန်တမ်းဝင်အမှတ် - လေ ၄၂၆၂) နဲ့ တပည့်ဖြစ်သူ ဒုအရာခံဗိုလ်ပြည့်ဖြိုးအောင်တို့ဖြစ်ကြပြီး သေဆုံးသွားသူလေတပ်ဗိုလ်ကြီးကိုင်ဆောင်တဲ့ MA5 MK1 ပစ္စတိုသေနတ် ၁ လက်၊ ဖုန်း ၂ လုံး၊ သက်သေခံကတ်ပြား ၁ ခု၊ ဘဏ်ကတ် ၁ ခု နဲ့ ကျည်ဆန်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“တကယ်တော့ ကျနော်တို့ရဲဘော်တွေက သူတို့ကို အရှင်ဖမ်းဖို့သွားတဲ့အချိန် ရိပ်မိပြီး ထွက်ပြေးသွားကြလို့ ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားတာပါ။ သူတို့အလောင်းတွေကိုတော့ မိတ္ထီလာလေတပ်က လာသယ်သွားတယ်လို့ သိရတယ်ဗျ။ ကျနော်တို့ PLA တပ်ဖွဲ့က အဖိနှိပ်ခံ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမှာ ဖြစ်ပါတယ်” လို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမြင့်နိုင် က DVB ကို ပြောပါတယ်။

အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီးနောက်ပိုင်း တောင်သာမြို့ပေါ်နဲ့ မြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ကောင်စီဘက်က စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ဝ ရက်မှာ တောင်သာမြို့နယ်ထဲက မိုးနှောင်းခင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့လို့ ရွာခံအမျိုးသမီး ၁ ဦး သေဆုံးခဲ့သလို ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်က ဇရပ်ကြီးကျေးရွာကို စက်တပ် လေထီး အသုံးပြု ဗုံးကြဲခဲ့တဲ့အတွက် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းဆောင်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်။

Photo: PLA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013