မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်စောပိုင်းက စစ်တပ် စစ်ကြောင်းထိုးပြီး PDF ရဲဘော် ၁ ယောက်ကို ဖမ်းဆီး သတ်ဖြတ်သွားခဲ့သလို အဲဒီစစ်ကြောင်းကို ပြန်လည် တိုက်ခိုက်ခဲ့တဲ့အတွက်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးတယ်လို့ သိရပါတယ်။
တောင်သာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ဒီဘက် တောင်သာမြို့နယ်ထဲက နန်းမြင့်ရွာကို မနက် ၅ နာရီလောက် စကစ စစ်ကြောင်းဝင်လာတဲ့အချိန် ပြည်သူတယောက်ကို အကူအညီပေးပြီးပြန်လာတဲ့ ကျနော်တို့ရဲဘော်တယောက်ကို ဖမ်းခေါ်သွားပြီး လမ်းမှာ သတ်ပစ်လိုက်ကြတာ။ သူနဲ့အတူအဖမ်းခံရတဲ့ ရွာသား ၁ ယောက်ကတော့ ထွက်ပြေးလို့ လွတ်သွားပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခံလိုက်ရတဲ့ တော်လှန်ရေးရဲဘော်ဟာ မြင်းခြံခရိုင်တပ်ရင်း ၃၊ တပ်ခွဲ ၂ က ရဲဘော်ထိုက်ကြီး ဆိုသူဖြစ်ပြီး ဒေသခံပြည်သူတယောက်က မြေဖြူကုန်းကျေးရွာကိုလိုက်ပို့ပေးဖို့ အကူအညီ တောင်းခဲ့တာကြောင့် လိုက်ပို့ပေးတုန်း နန်းမြင့်ကျေးရွာထဲမှာ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့လို့ ဖမ်းဆီးခေါ်ဆောင်တာခံလိုက်ရပြီး သတ်ဖြတ် ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုကြည်စတား က “အဲဒီစစ်ကြောင်းက တောင်သာမြို့ပေါ်ကနေ နန်းမြင့်တောင်နားက နန်းမြင့်ရွာကို စစ်ကြောင်းထိုးလာတာ။ ဒေသခံလမ်းပြတွေလိုက်ပို့တယ်လို့ သိရတယ်။ သူတို့အင်အားကတော့ ဖောကား ၁ စီး၊ လူနာတင်ကား ၂ စီးနဲ့လာကြတယ်။ အင်အား ၁၀၀ လောက်ပါတယ်ဗျ။ အဲဒီစစ်ကြောင်းကို မြေဖြူကုန်းရွာရဲ့ အနောက်ဘက်မှာ ကျနော်တို့ဘက်က ရဲဘော်တွေဖြတ်တိုက်ခဲ့လို့ စစ်သား ၂ ယောက်သေတယ်။ သူတို့ တောင်သာဘက်ကိုပဲ ပြန်ဆုတ်သွားကြတယ်ဗျ။ အဖမ်းခံလိုက်ရတဲ့ ရဲဘော်ထိုက်ကြီးကိုလည်း အဲဒီ မြေဖြူကုန်းရွာရဲ့အနောက်ဘက်မှာပဲ ပစ်သတ်သွားကြတာ” လို့ DVB ကို ပြောပါတယ်။
အခု ဒီဇင်ဘာလထဲမှာ စစ်ကောင်စီတပ်က တောင်သာမြို့နယ်ထဲကို စစ်ကြောင်းထိုးတာတွေအပြင် စစ်ရေးပြင်ဆင်လှုပ်ရှားတာတွေပြန်လည်ပြုလုပ်လာကြပြီး လေကြောင်းတိုက်ခိုက်တာတွေလည်း ပြန်လည်ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တောင်သာမြို့နယ်ထဲက မိုးနှောင်းခင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ရွာခံအမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ၅ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ကြသလို ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းမှာလည်း ဇရပ်ကြီးကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခဲ့လို့ ဒေသခံပြည်သူတချို့ ဒဏ်ရာရရှိခဲ့ကြပါသေးတယ်။
Photo: တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့