မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၅ နာရီခွဲဝန်းကျင်မှာ ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ကို တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်သာမြို့နယ် ပကဖ ရဲဘော်တယောက်က ပြောပါတယ်။
“တောင်သာမြို့နယ်ထဲက ညောင်ဦး-မြင်းခြံလမ်းပေါ်မှာရှိတဲ့ ဆင်ဖြုရွာက ပျူစောထီးခေါင်းဆောင် ဝင်းကို နဲ့ အဖွဲ့ရှိနေတဲ့နေရာကို ဝင်ပစ်ခဲ့တာပါဗျ။”
အဆိုပါစစ်ဆင်ရေးကို တောင်သာမြို့နယ် ပကဖ၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ BGF (Burmese Guerrila Force)၊ ညောင်ဦးမြို့နယ် ပကဖ (ပုဂံပြည်ဘီလူးတပ်) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။
ညောင်ဦး ပကဖ တာဝန်ခံ ကိုဇီးက “နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ဝင်ပစ်ခဲ့တာပါ။ ဒီဘက်က ကျနော်တို့အဖွဲ့တွေ လာတာမြင်တော့ ပျူခေါင်းဆောင် ဝင်းကို နဲ့ဆို ၁၀ ယောက်လောက်ပေါ့၊ လက်နက်တွေနဲ့ သူတို့သုံးတဲ့ ကားပါထားခဲ့ပြီး ထွက်ပြေးသွားကြလို့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ပျူစောထီးအဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတဲ့အတွက် ပြောင်းချောသေနတ် ၂ လက်၊ တူမီးသေနတ် ၁ လက်၊ ၀.၂၂ သေနတ် ၁ လက်၊ ပါရီ သေနတ် ၁ လက် အပါအဝင် သေနတ် ၅ လက်နဲ့ ခဲယမ်းတွေအပြင် ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း တောင်သာမြို့နယ်၊ အေးကျေးရွာမှာ လက်ဖက်ရည်ထိုင်သောက်နေတဲ့ မိတ္ထီလာလေတပ်က လေတပ်ဗိုလ်ကြီး ကြည်ဖေလင်း နဲ့ တပည့်ဖြစ်သူ ဒုအရာခံဗိုလ်ပြည့်ဖြိုးအောင် တို့လည်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။