စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ထွေအုပ်ရုံးနဲ့ ရဲစခန်းကို ဒီဇင်ဘာ ၃၀ ရက် ညနေ ၅ နာရီလောက်က ၆၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ People Revolution Armed Forces တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကနေ သိမ်းဆည်းရရှိထားတဲ့ ၆၀ မမ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထွေအုပ်ရုံးနဲ့ ရဲစခန်း ထိခိုက်ပျက်စီးသွားကာ သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။
PRAF တာဝန်ရှိသူ ရဲဘော်နီက “ဒီကနေ့ ညနေ ၅ နာရီက သွားရောက်တိုက်ခိုက်ခဲ့တာ။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့သဘော။ သူတို့ဆီက သိမ်းဆည်းရရှိထားတဲ့ လက်နက်နဲ့ သူတို့ကို ပြန်တိုက်ခိုက်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။
ဆားလင်းကြီးမြို့ပေါ်ကနေ စစ်ကောင်စီတပ်က မကြာခဏဆိုသလို ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် စစ်ကောင်စီတပ်နေရာတွေ အခုလို ပြန်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မကြာခဏ မီးရှို့ဖျက်ဆီးနေပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ဒုတိယအပတ်က တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းမှာရှိတဲ့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စက်ရုံအနီးက ကျေးရွာတွေကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။