Home
မြန်မာသတင်း
ယောနယ်တွင် မြို့သိမ်းတိုက်ပွဲများအတွက်​​​​ စတင်ပြင်ဆင်
DVB
·
December 30, 2024

ချင်းပြည်နယ်တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း၊ ယောနယ်မှာ မြို့သိမ်းတိုက်ပွဲတွေနဲ့ အပြောင်းအလဲတွေအတွက် ပြင်ဆင်မှုတွေ စတင်နေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ယောနယ်လို့ လူသိများတဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ကျောက်ထုမြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက အပြောင်းအလဲအတွက် ပြင်ဆင်မှုတွေ စတင်နေပြီလို့ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တယောက်က ပြောဆိုလိုက်တာပါ။

ဒီဇင်ဘာလကုန်ပိုင်းမှာ ချင်းပြည်နယ်တောင်ပိုင်းကို ‘ချင်းညီနောင်’ အဖွဲ့တွေက အပြီးသတ် ထိန်းသိမ်းနိုင်ခဲ့ပြီး နယ်မြေချင်းထိစပ်နေတဲ့ ယောနယ်က မဟာမိတ်ညီနောင်တွေရဲ့ တိုက်ပွဲဖော်ဆောင်ရာမှာ အကူအညီပေးသွားမယ်လို့ ‘ချင်းညီနောင်’ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုထားပါတယ်။

စစ်ကောင်စီဘက်က ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းအထိ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပေမဲ့ မြေပြင်စစ်ကြောင်းထွက်တဲ့ အခြေအနေတော့ မရှိသေးပါဘူး။

ယောနယ်ထဲမှာ စစ်ကောင်စီတပ်သားတချို့ ပြည်သူ့ဘက်ကို ဆက်တိုက်ကူးပြောင်းနေပြီး အများအပြား ထပ်ဝင်လာဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်အာရုဏ်က “ခန့်မှန်းခြေ ၈ ယောက်လောက်ရှိမှာပါ။ မင်းတပ်ဘက်မှာတော့ ၃၀ လောက်ဝင်တာပါ။ ထီးလင်းဘက်လည်းဝင်တယ်။ ဝင်ချင်တဲ့သူလည်း တော်တော်များနေပြီလို့တော့ အထဲကထွက်ခဲ့တဲ့ ကောင်လေးတယောက်ကတော့ အဲလိုပြောတာပဲ။ ဂန့်ဂေါဘက်အခြေအနေက ထူးခြားမှုတခုကို ပုံဖော်ရမယ့် အနေအထား ရောက်နေတာဆိုတော့ ကိုယ့်ဘက်က နည်းနည်းလေး ပြင်ဆင်မှုလေးတွေ စနေပြီပေါ့။ သူတို့ဘက်ကတော့ အခု လက်နက်ကြီးနဲ့ ထုနေတာပဲ။ ဒီနေ့မနက်ပိုင်းကတော့ အနောက်ဘက်က လုံဟောဘက်ကို လှမ်းထုနေတယ်လို့ ပြောတယ်။ လက်နက်ခဲယမ်းချတာတော့ သူတို့ လေယာဉ်တွေပဲ သုံးတာတွေ့တယ်ဗျ။ တော်လှန်ရေးရဲ့အရွေ့က ၃ နှစ်လည်းကျော်ခဲ့ပြီ” လို့ ပြောပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းမှာ ချင်းပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက သိမ်းယူထားပြီး ရခိုင်ပြည်နယ်တခုလုံးကိုလည်း အာရက္ခတပ်တော် (AA) က ထိန်းချုပ်နိုင်မယ့် အလားအလာတွေ ရှိနေတာပါ။

ဒီအခြေအနေတွေဟာ နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်း၊ မကွေး အညာဒေသအတွက် အလားအလာကောင်းတွေ ဖြစ်တယ်လို့ စစ်ကိုင်းဒေသခံတယောက်က သုံးသပ်ပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ကိုစိုးဝင်းဆွေက “ချင်းတောင်ပေါ်က အောင်ပွဲတွေနဲ့အတူ မြေပြန့်ဒေသမှာရှိတဲ့ ချင်းအင်အားစုတွေကလည်း ဒီ့ထက်ပိုပြီးတော့ မြေပြန့်ဒေသမှာ အောင်မြင်မှုတွေရအောင် လုပ်ဆောင်လာနိုင်ခြေတွေ ရှိတယ်။ ကလေး-ကဘော် လွင်ပြင်လိုဆိုရင် ချင်းတောင်ကနေ အများကြီးစိုးမိုးထားတာတွေ ရှိတယ်။ ချင်းတောင်ပေါ်က မြို့သိမ်းရွာသိမ်းတွေကို ဆောင်ရွက်ခြင်းအားဖြင့် ကလေး-ကဘော်ဒေသလိုမျိုး၊ ဂန့်ဂေါဒေသလိုမျိုး အပေါ်မှာလည်း မြေပြင်စိုးမိုးမှုအရ အများကြီးရသွားနိုင်တာတွေ ရှိတယ်ဗျာ။ ပထဝီအရ ဆက်စပ်မှုကြောင့်လည်း ချင်းတောင်ပေါ်က အောင်ပွဲတွေက မြေပြန့်ဒေသရဲ့ စစ်ရေးစိုးမိုးမှုအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ စိတ်ဓာတ်အရဖြစ်စေ ပထဝီအရဖြစ်စေ ချင်း-ရခိုင်အောင်ပွဲတွေဟာ အညာဒေသတွေနဲ့ စစ်ကိုင်းဒေသတွေအတွက်တော့ အကျိုးဖြစ်ထွန်းမှုတွေ အများကြီး ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးအစောပိုင်းကာလကတည်းက စစ်ကိုင်း၊ မကွေးနယ်စပ်က ရခိုင်နဲ့ ချင်း တော်လှန်ရေးအင်အားစုတချို့ဟာ မြေပြန့်ဒေသတွင်း တိုက်ပွဲတွေမှာ အကူအညီပေးခဲ့ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိထားခဲ့တာပါ။

အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်အရေးသာမက တော်လှန်ရေးညီအစ်ကိုတွေကို အကူအညီပေးဖို့ စဉ်းစားချက်ရှိတယ်လို့ ဒီဇင်ဘာလကုန်ပိုင်းမှာ ထပ်မံထုတ်ဖော် ပြောဆိုထားပါတယ်။

မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က “အဓိကတော့ ဘာပြဿနာလေးတွေ စစ်ကိုင်းမှာရော မကွေးမှာရော တွေ့ရလဲ ဆိုတဲ့အခါကြတော့ နယ်မြေခံ PDF အဖွဲ့အချင်းချင်းတွေ ပြေလည်ဖို့ အဓိကပါပဲ။ AA တို့ ချင်းတို့ကြတော့ ကူညီမှာပဲရှိတယ်လေ၊ နယ်မြေခံ လှုပ်ရှားတဲ့အဖွဲ့တွေ အချင်းချင်းက နားလည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ရာ အဓိကပါပဲ။ မူလရှိခဲ့တဲ့ ပြဿနာတွေကလည်းပဲ ကျနော်တို့ စိုးရိမ်တာကတော့ ဘုံရန်သူကို တိုက်ပြီးသွားတဲ့အချိန်မှာတော့ နိုင်ငံရေးစကားဝိုင်းတွေမှာ အကြိတ်အနယ် ပြောဆိုညှိနှိုင်းပြီးမှပဲ​ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး ရဖို့ရာအတွက် ဆောင်ရွက်နိုင်မယ်လို့တော့ မြင်ပါတယ်ဗျ” လို့ ပြောပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်တခုလုံးနီးပါးကို ထိန်းချုပ်ခဲ့ပြီးနောက်မှာ နယ်မြေချင်းကပ်ရက် ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းတွေဘက်ကို စစ်ဦးထပ်တည်နေပြီး ဘယ်ဒေသကို ဦးစားပေး ထိုးစစ်ဆင်မယ် ဆိုတာတော့ မခန့်မှန်းနိုင်သေးဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

စစ်ကောင်စီကတော့ လက်လွှတ်လိုက်ရတဲ့ စစ်ဒေသတွေကို ပြန်သိမ်းယူဖို့ထက် မြန်မာပြည်အလယ်ပိုင်းက စစ်ကိုင်း၊ မကွေး၊ မန္တလေးဒေသမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024