Home
မြန်မာသတင်း
ပုဂံညောင်ဦးတွင် ရဲတပ်ဖွဲ့ ပစ်ခတ်ခံရချိန် KTV ရောက်နေသည့် ရဲမှူးနှင့်အဖွဲ့ စစ်ဆေးခံရ
DVB
·
February 19, 2025

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက်က ရဲတပ်ဖွဲ့ဝင် ၃ ယောက် ပစ်ခတ်ခံရချိန် KTV ကာရာအိုကေ ရောက်နေတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးကို စစ်ကောင်စီက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့မနက် ၉ နာရီခွဲက ညောင်ဦးမြို့နယ်၊ ဝက်ကြီးအင်းရပ်ကွက်အနီးမှာ ပုဂံနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃ ယောက် ပစ်ခတ်ခံရပြီး အခင်းဖြစ်ပွားချိန်မှာ KTV ရောက်နေတဲ့ ညောင်ဦးမြို့မ ရဲစခန်းက ရဲမှူးသက်နိုင်ဦး စစ်ဆေးခံနေရတာလို့ မြို့ခံတယောက်က ပြောပါတယ်။

“ပစ်ခတ်မှုဖြစ်တဲ့အချိန် ရဲမှူးက KTV ရောက်နေတာ၊ ဖြစ်စဥ်ပြီးမှ ရောက်လာလို့ သူ့ကို စစ်တပ်က စုံခုံစစ်နေတာ၊ ရဲတွေသေတာထက် သေနတ်နဲ့ ကျည်ဆန်တွေပါသွားလို့ ပြောသံကြားတယ်။”

ညောင်ဦးမြို့နယ်ထဲက KTV တွေကို ဖေဖော်ဝါရီ ၁၇ ရက်ကစပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်တင့်၊ ရဲမှူးသက်နိုင်ဦးနဲ့ အဖွဲ့တို့ လိုက်လံစစ်ဆေးတာရှိပြီး ပစ်ခတ်မှုဖြစ်ချိန်မှာ KTV ကို ရောက်နေတာ ဖြစ်နိုင်တယ်လို့ မြို့ခံက ပြောပါတယ်။

“၁၇ ရက်နေ့က မြေနဲလေးမှာ ဖွင့်ထားတဲ့ ပိုင်အိုးနီးယား KTV နဲ့ တောင်ဘက်မှာ ဖွင့်ထားတဲ့ ဟောလိဝုဒ် KTV ကို ရဲမှူးနဲ့အဖွဲ့ ရောက်လာတယ်။ လိုင်စင်တွေ ဘာတွေ စစ်ပြီး အခန်းဝင် သီချင်းဆိုပြီး ပြန်သွားတာ၊ မနေ့က ဘယ် KTV ရောက်နေလဲတော့ မသိဘူး။”

ရဲမှူး စစ်ဆေးခံရတဲ့ကိစ္စမှာ သေဆုံးသွားတဲ့ ရဲ ၂ ယောက်ဆီကနေ ပစ်ခတ်သူတွေက MA 13 သေနတ် ၁ လက်၊ BA 63 သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခုနဲ့ ကျည်ဆန်အတောင့် ၂၀၀ ယူသွားတဲ့အတွက် စစ်ဆေးနေတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်

ဖေဖော်ဝါရီ ၁၈ ရက်က ပုဂံနယ်မြေရဲစခန်းက ဒုရဲအုပ် ဝါဝါထွန်း ဦးဆောင်တဲ့ ရဲအဖွဲ့ ညောင်ဦးမြို့နယ်တရားရုံး ရုံးထုတ်လုံခြုံရေးယူဖို့ လာစဥ် ဝက်ကြီးအင်းရပ်ကွက်နားမှာ ပစ်ခတ်ခံရပြီး ရဲတပ်ကြပ်ခင်မောင်တင့်နဲ့ ရဲတပ်သားရီဝေဦးတို့ သေဆုံးကာ ဒုရဲအုပ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024