Home
မြန်မာသတင်း
သင်္ဃန်းကျွန်း စံပြစျေးတွင် KTV ဖွင့်လှစ်ခွင့်ပေးထားသဖြင့် ဆိုင်ခန်းပိုင်ရှင်များ စိုးရိမ်  
DVB
·
February 18, 2025

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်က စံပြစျေးရုံ အပေါ်ထပ်မှာ KTV ဖွင့်လှစ်လုပ်ကိုင်ခွင့် ပေးထားတဲ့အပေါ် လုံခြုံရေး၊ မီးဘေးနဲ့ပတ်သက်ပြီး စိုးရိမ်နေကြရတယ်လို့ ဆိုင်ခန်းဖွင့်လှစ်ထားသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စံပြစျေးရုံရဲ့ အပေါ်ထပ်ကို Joker အမည်နဲ့ KTV လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့တာဖြစ်ပြီး အဲဒီစျေးရုံမှာ အခြေချ လုပ်ကိုင်နေသူတွေ အများစုက လက်မခံနိုင်ကြဘူးလို့ ဆိုပါတယ်။

စံပြစျေးရုံအတွင်း ဆိုင်ခန်းပိုင်ရှင်တယောက်က  “စျေးရုံထဲ အဲဒီလိုလုပ်ခွင့်ပေးတာက ဘယ်လိုမှ မဖြစ်သင့်ဘူး။ လုံခြုံရေးကိစ္စ ဘယ်လောက်ပဲ လုပ်ပါစေဦး စိတ်မချရဘူး။ တခုခုဆိုရင် ဆုံးရှုံးမှုများမှာ ကိုယ်တွေလေ” လို့ ပြောပါတယ်။

စံပြစျေးရုံမှာ စည်ပင်ပိုင်ဖြစ်ပြီး အရပ်သားအစိုးရလက်ထက်ကလည်း အလားတူ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးဖို့ အစီအစဥ်ရှိခဲ့ပေမဲ့ ဝေဖန်မှုတွေကြောင့် မလုပ်ဖြစ်ခဲ့ဘဲ အာဏာသိမ်းကာလမှာ လုပ်ကိုင်ခွင့်ပေးလိုက်တာလို့ နီးစပ်သူတွေက ဆိုပါတယ်။

စံပြစျေးရုံမှာ စျေးရောင်းနေသူတယောက်က “အာဏာသိမ်းပြီးမှ လုပ်ချင်တိုင်း လုပ်တော့တာ။ အရင်က ကန့်ကွက်တာတွေရှိလို့။ အခုက ဘယ်သူမှလည်း မပြောရဲကြဘူး။ လူအဝင်အထွက်တွေ ရှိနေတော့ ဆိုင်အဖောက်ခံရမှာလည်း စိုးရိမ်ရသလို မီးဘေးအန္တရာယ်လည်း ရှိတယ်။ ဆိုင်ခန်းပိုင်ရှင်တွေဆို ညဘက် အိပ်ပျော်မယ်မထင်ဘူး” လို့ ပြောပါတယ်။

အဲဒီ KTV ဖွင့်လှစ်ထားတာကြောင့် ညအချိန်မတော်တဲ့အထိ စျေးဝင်းထဲ လူအဝင်အထွက် အမြဲရှိပြီး တခြားနေရာကို မသွားနိုင်အောင် အတားအဆီးလုပ်တာ၊ လုံခြုံရေးစောင့်ကျပ်တာ ရှိပေမဲ့ စိတ်မချရဘူးလို့ ဆိုင်ခန်းပိုင်ရှင်တချို့က ဆိုပါတယ်။

ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၁၄ ရက်က မြောက်ဥက္ကလာပမြို့နယ်ရှိ သီရိရတနာစျေးနဲ့ ဖေဖော်ဝါရီ ၁၆ ရက်က လှိုင်မြို့နယ်ရှိ ဘာဒါစျေးတို့ ဆက်တိုက်မီးလောင်မှု ဖြစ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024