Home
မြန်မာသတင်း
လှိုင်မြို့နယ် တပ်ထိန်းရုံး ဗုံးပစ်ခံရပြီး တပ်ကြပ် ၁ ဦး ဒဏ်ရာရ
DVB
·
February 17, 2025

ရန်ကုန်၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းနဲ့ ပါရမီလမ်းထောင့်က တပ်ထိန်းမှုခင်းဖော်ထုတ်ရေး အကူတပ် ဖေဖော်ဝါရီ ၁၆ ရက် မနေ့ညက လက်ပစ်ဗုံးနဲ့ ပစ်ခံရပြီး လုံခြုံရေးဂိတ်ဝမှာ စောင့်နေတဲ့ တပ်ကြပ်တယောက် ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မနေ့ည ၈ နာရီခွဲက လှိုင်မြို့နယ်နဲ့ မရမ်းကုန်း ထိစပ်နယ်မြေမှာရှိတဲ့ တပ်ထိန်း မှုခင်းဖော်ထုတ်ရေး အကူတပ် လုံခြုံရေးဂိတ်ကို အပြင်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“အပြင်ကနေ ဗုံးနဲ့ပစ်သွားတာ၊ ဂိတ်မှာ လုံခြုံရေးစောင့်နေတဲ့ တပ်ကြပ်တယောက် ထိသွားတယ်၊ တပ်ကလူတွေ လိုက်ရှာကြတယ်၊ လက်ပစ်ဗုံးနဲ့ပစ်တဲ့သူကို မမိဘူး။”

ဗုံးနဲ့ပစ်ခတ်ခံရပြီးနောက် ပါရမီလမ်းကနေ ဘုရင့်နောင်တံတားအထိ စစ်ကောင်စီတပ်က စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

တပ်ထိန်းမှုခင်းဖော်ထုတ်ရေးအကူတပ် လုံခြုံရေးဂိတ်ကို Yangon UG People Army -YUPA နဲ့ မဟာမိတ် မြောက်ဥက္ကလာ ပကဖ တပ်ဖွဲ့ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်မှာ နိုင်ငံရေးသမားတွေကို လေ့လာစောင့်ကြည့်တဲ့ မှုခင်းတပ်ထိန်းရုံးချုပ်ကို ဝါယာလက်မှာ ထားရှိပြီး လှိုင်မြို့နယ်မှာ မှုခင်းဖော်ထုတ်ရေး အကူတပ်၊ မင်္ဂလာဒုံမှာ အမှတ် ၁ တပ်ထိန်းတပ်ခွဲနဲ့ အမှတ် ၂ နဲ့ ၃ ကို စစ်ဌာနချုပ်ရှိရာ မရမ်းကုန်းမြို့နယ်မှာ ထားရှိပါတယ်။

၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်က လမ်းမတော်မြို့နယ်မှာ ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ ဗိုလ်မှူးကုဋေဖြိုးအောင်မှာ တပ်ထိန်းမှုခင်းဖော်ထုတ်ရေး အကူတပ်မှာ တာဝန်ထမ်းဆောင်ခဲ့သူ တယောက် ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013