
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က ပြည်သူ့ဆေးရုံနဲ့ ကားကွင်းမှာ ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၃ နာရီဝန်းကျင်က ဗုံးတွေ ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ် တယောက်အပါအဝင် ဒဏ်ရာရသူ ၂ ယောက်ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ကားကြီးကွင်း အဝင်ပေါက်နားမှာ တလုံးနဲ့ ပြည်သူ့ဆေးရုံက ဓာတ်မှန်ခန်းနားမှာ တလုံးကွဲပါတယ်။ တနေရာနဲ့ တနေရာက မိနစ်ပိုင်းလေးပဲ ခြားပါတယ်။ ကားကွင်းမှာ အရင်ကွဲတာ” လို့ ပြောပါတယ်။
စစ်ကိုင်းတံတားအဆင်းက ကားကွင်းအဝင်ပေါက်နားဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရတဲ့သူမရှိခဲ့ပေမဲ့ ဆေးရုံမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုမှာတော့ လူတချို့ ဒဏ်ရာရသွားတာ ဖြစ်ပါတယ်။
စစ်ကိုင်းအခြေစိုက်ပရဟိတအဖွဲရဲ့ တာဝန်ရှိသူတယောက်က “ဆေးရုံက ဓာတ်မှန်ခန်းနဲ့ ဓာတ်ခွဲခန်းကြားမှာ ကွဲတဲ့အလုံးကတော့ အသက် ၃ နှစ်လောက်ရှိတဲ့ ဓာတ်ခွဲခန်းဝန်ထမ်းရဲ့သားနဲ့ ဆေးရုံတက်နေတဲ့ အသက် ၃၀ လောက်ရှိတဲ့ အမျိုးသား တယောက်တို့ကတော့ ဗုံးကွဲတဲ့ တုန်ခါမှုကြောင့် ကွဲတဲ့မှန်စတွေစိုက်လို့ ဒဏ်ရာတွေရကြတယ်။ တခြားအသေအပျောက်မရှိ ဆေးရုံသုံးပစ္စည်းတွေလည်း အပျက်အစီးမရှိခဲ့ပါဘူး”လို့ DVB ကို ပြောပါတယ်။
အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ သူတို့ရဲ့လက်ချက်လို့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၅ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းမြို့က မြို့မစျေးမှာ ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲခဲ့ပါသေးတယ်။