
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အုတ်ဖိုမြို့မရဲစခန်းဘေးရှိ စစ်မှုထမ်းဟောင်းရုံးရှေ့မှာ ဖေဖော်ဝါရီ ၅ ရက် မနက် ၄ နာရီခွဲဝန်းကျင်က ဗုံး ၂ လုံး ပေါက်ကွဲပြီး ကားမောင်းသမားတယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့အနီးမှာ ပြည်မင်းသားယာဉ်လိုင်း ကားဂိတ်ရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် အဲဒီယာဉ်လိုင်းက ကားမောင်းသမား ဗုံးစထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံ အမျိုးသမီးတယောက်က DVB ကို ပြောပါတယ်။
“ကားမောင်းတဲ့ကောင်လေး မျက်နှာထသစ်ချိန်မှာ ဗုံးက ထပေါက်တာ၊ အဲဒီမှာ ကောင်လေးကို ထိပြီး သေသွားတာ။ သေသွားတဲ့ကောင်လေးက ပြည်ကလို့ပြောတယ်။ ခရီးသည်တွေ မလာသေးတော့ တော်သေးတာပေါ့၊ ကျန်တာတော့ ထိတာအသံမကြားဘူး၊ ကားလည်း ထိသွားတယ်။”
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေကြပါတယ်။
ဒေသခံ အမျိုးသမီးတယောက်က “အိမ်တွေ လိုက်စစ်တယ်၊ မြို့အဝင်အထွက်တွေမှာလည်း လုံခြုံရေးတွေ ချထားတယ်၊ မြို့ထဲလည်း လူတွေ အသွားအလာနည်းသွားတယ်၊ အဖမ်းခံရတာတော့ မကြားသေးဘူး၊ ဗုံးစတွေက မြို့ဓမ္မာရုံနားထိ လွင့်တယ်၊ အဲဒီစစ်မှုထမ်းဟောင်းရုံးမှာတော့ ညစောင့်အိပ်တဲ့ လူလောက်ပဲ ရှိတယ်၊ ဗုံးကတော့ ဘယ်အဖွဲ့ကထောင်မှန်း မသိသေးဘူး”လို့ ပြောပါတယ်။
အခု ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာသိရဖို့ DVB က အုတ်ဖိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက် မနက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အမျိုးသားတယောက်ကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့ပါတယ်။