
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာမှာ ဖေဖော်ဝါရီ ၃ ရက်က စစ်ကျန်လက်နက်ပစ္စည်း ဗုံးသီးကို ဆော့ကစားမိရာကနေ ပေါက်ကွဲပြီး အရွယ်မရောက်သေးတဲ့ ကလေးငယ် အပါအဝင် ၃ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူတွေမှာ အသက် ၅ နှစ်အရွယ် ကလေးငယ်တယောက်၊ အသက် ၂၀ အရွယ် အမျိုးသမီးတယောက်နဲ့ အသက် ၄၀ အရွယ် အမျိုးသားတယောက်တို့ ဖြစ်ပါတယ်။
“နေ့လယ်လောက်က စဖြစ်တာပါ။ ကလေး ၃ ယောက်က ဗုံးသီးကို ဆုံထဲထည့်ထောင်းပြီး ဆော့ကစားရင်းနဲ့ ပေါက်ကွဲမှုဖြစ်တာပါ။ သွားကြည့်တဲ့အခါမှာ အသက် ၅ နှစ်အောက် ကလေးငယ်တယောက်က ဗိုက်ပွင့်ပြီးတော့ ပွဲချင်းပြီးဆုံးသွားတာပါ။ ၂ ယောက်ကတော့ ဆေးရုံသွားတဲ့လမ်းမှာ ဆုံးတာပါ။ ကျန်တဲ့ ၂ ယောက်ကတော့ လောလောဆယ် ဆေးကုသမှု ခံယူနေဆဲပါ။”
ဇန်နဝါရီ ၁၈ ရက်ကလည်း ဂွမြို့နယ်၊ ကမ်းသာယာကမ်းခြေအနီး၊ ကင်းပုံကျေးရွာမှာ စစ်ကျန်လက်နက်ပစ္စည်း ဆော့ကစားမိပြီး ကလေးငယ်တယောက် သေဆုံးခဲ့ပါတယ်။
ဒါကြောင့် မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေကို လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ လူမှုရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဂွမြို့နယ်မှာ စစ်ပွဲကာလအတွင်း စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ အသက် ၅ နှစ်အောက် ကလေးငယ် ၂ ယောက် အပါအဝင် စုစုပေါင်း ၄ ယောက်အထိရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ယောက်အထိ ရှိလာနေပြီလို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့က ပြောပါတယ်။
ကေခိုင်