
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဖေဖော်ဝါရီ ၂ ရက် ဒီနေ့အစောပိုင်း ၄ နာရီခွဲကျော်က စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ယောက်အပါအဝင် ၄ ယောက် သေဆုံးခဲ့ပါတယ်။
မြို့နယ်အရှေ့မြောက်ခြမ်းက ထောက်ကြံ့ကုန်းရွာရဲ့ တောင်ဘက်နားကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ ၂ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော် ၂ ယောက် နေရာတင်သေဆုံးခဲ့ရပြီး ရဲဘော် ၇ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “လေယာဉ်က ကလေးမြို့ဘက်ကနေလာတဲ့ Y12 လေယာဉ်ပါ။ ကြဲချတာက ပေါင် ၅၀၀ ဗုံးတလုံး ကြဲချခဲ့တာ။ အဲလို ကြဲချလို့ တဲအိမ်အတွင်းမှာ နေထိုင်နေတဲ့ အရပ်သား အသက် ၁၃ နှစ်အရွယ် အမျိုးသားတဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး၊ PDF ရဲဘော် ၂ ဦး နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်။ နောက်ထပ် ရဲဘော် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ တဲအိမ်ရော၊ နွားတင်းကုပ်ရော အကုန်ပျက်စီးသွားတယ်။ ဘာလို့ လာပစ်တာလဲဆိုတာကတော့ သူတို့ PDF အချင်းချင်း ပြောနေတာကြားရတာတော့ လမ်းကြောင်းကိုပစ်တာလို့ ပြောတာပဲ။ ဘာလမ်းကြောင်းလဲ ဆိုတာတော့ ကျနော်တို့အရပ်သားတွေ သိလည်းမပြောရဲဘူး” လို့ ပြောပါတယ်။
ကနီမြို့နယ်အတွင်းက နတ်ကြီး၊ အုမ္မ၊ တောင်ကိုးလုံး၊ ကျောက်လှေကား စတဲ့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများကို စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ် ပစ်ခတ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “ကျနော်တို့ ပြောချင်တာကတော့ဗျာ စစ်တပ်က ထင်ကြေးတွေနဲ့လုပ်လုပ်နေတာ။ သူတို့လေယာဉ်နဲ့ပစ်ခတ်တိုင်း အရပ်သားတွေ သေကျေရသလို လူနေအိမ်ပါ ပျက်စီးကြရတယ်။ အခုလို လုပ်ရပ်ကြီးကတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ရာရောက်နေပါတယ်။ သက်ဆိုင်ရာအဖွဲ့တွေကလည်း အရပ်သားများနဲ့ ကင်းဝေးတဲ့ နေရာကနေ သွားလာလှုပ်ရှား အလုပ်လုပ်စေချင်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း ကနီမြို့နယ်၊ ကျောက်လှေကားရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ နေအိမ် ၁၇ လုံး ပျက်စီးပြီး တိရစ္ဆာန်တွေလည်း သေဆုံးခဲ့ပါတယ်။