
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၂ ဦးနဲ့ CNDF ရဲဘော်တဦး ထိခိုက်ဒဏ်ရာရထားပြီး နေအိမ်တွေ၊ စာသင်ကျောင်းတွေလည်း ပျက်စီးသွားတယ်လို့ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် ညနေက ဆည်တောရွာစာသင်ကျောင်းနဲ့ ဖေဖော်ဝါရီ ၂ ရက် ဒီနေ့မနက် ၁၁ နာရီခွဲဝန်းကျင်မှာ တင်သားရွာ ရတနာမာန်အောင်ဘုန်ကြီးကျောင်းနဲ့ ကပ်လျက် အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ဇော်မြင့်ရဲ့ နေအိမ်နဲ့ ဒိုးနွယ်ရွာသင်္ချိုင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်သွားခဲ့တာပါ။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တင်သားရွာခံ အသက် ၅၀ အရွယ် ဦးဇော်ဇော်နဲ့ ဘုန်းကြီးကျောင်းမှာ ကပ္ပိယလုပ်နေတဲ့ အသက် ၂၄ နှစ်အရွယ် ကိုအိုဘားမားတို့ ၂ ဦးဟာ ခြေထောက်နဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာ ထိခိုက်ဒဏ်ရာရထားပြီး ဆည်တောရွာက ဝက်စာကျွေးပြန်တဲ့ CNDF ရဲဘော်ကတော့ ဗိုက်မှာထိခိုက်ဒဏ်ရာရထားတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့ ဒေသခံတွေက DVB ကို ပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိထားသူတွေဟာ နီးစပ်ရာဆေးရုံတွေမှာ ဆေးကုနေကြရပြီး ဒဏ်ရာအပြင်းအထန်ရထားတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တင်သားကျေးရွာအုပ်စုက ဒေသခံ ၂ သောင်းကျော်ကလည်း နီးစပ်ရာတောတောင်တွေထဲမှာ တိမ်းရှောင်နေကြသလို ကျေးရွာတွင်းကနေ ထွက်မပြေးတဲ့ ဒေသခံတွေလည်း ရှိနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီက အခုနှစ်ဆန်းပိုင်းကစတင်ပြီး ကလေးကဘော်နဲ့ ယောဒေသဘက်ကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေပါတယ်။
ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းကလည်း ကုက္ကိုလ်ရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ကလေး ၄ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းပြုစုချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၆၂၃၉ ဦး သေဆုံးထားကြောင်း ဖော်ပြထားပါတယ်။