Home
ရုပ်သံ
ရခိုင်တွင် ဇန်နဝါရီလအတွင်း လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၁၁၀ ကျော် ထိခိုက်၊ သေဆုံး
DVB
·
February 4, 2025

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ကမြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဇန်နဝါရီ တလအတွင်းမှာ အရပ်သားထိခိုက်၊ သေဆုံးသူ ၁၁၀ ကျော် ရှိတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားတဲ့ ရခိုင်ကမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ တလအတွင်းမှာ အရပ်သားသေဆုံးသူ ၆၂ ယောက်ရှိပြီး ၅၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DVB ရဲ့ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် သေဆုံးသွားသူတွေမှာ ရမ်းဗြဲမြို့နယ်မှာ ၂၇ ယောက်၊ မြောက်ဦးမြို့နယ်မှာ ၂၈ ယောက်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ၄ ယောက်၊ ရသေ့တောင်မြို့နယ်မှာ ၁ ယောက်၊ ဂွမြို့နယ်မှာ ၁ ယောက် နဲ့ မြေပုံမြို့နယ်မှာ ၁ ယောက် တို့ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရှိသူတွေကတော့ ရမ်းဗြဲမြို့နယ်မှာ ၂၉ ယောက်၊ မြောက်ဦးမြို့နယ်မှာ ၂၅ ယောက် နဲ့ ရသေ့တောင်မြို့နယ်မှာ ၁ ယောက်တို့ ဖြစ်ပါတယ်။

ကျောက်တော်ဒေသခံတယောက်က “ကျမတို့က AA ထိန်းချုပ်ထားတဲ့ဒေသမှာ နေတာဆိုတော့ ဘယ်လောက်ထိဖြစ်လဲဆိုတော့ စားမဝင် အိပ်မပျော်တဲ့ အခြေအနေထိကို ရောက်လာတယ်။ တခုခုအသံ၊ ကားဆူညံသံကြားတာနဲ့ကို ကျမတို့ ကမန်းကတန်း ထပြေးတဲ့ အနေအထားကို ရောက်လာရတယ်။ ညဘက်ဆို ဒရုန်းတွေ ဝဲတယ်၊ နေ့လယ်နေ့ခင်းတို့ ဂျက်တွေ ဖြတ်သန်းသွားလာရင်လည်း ကမန်းကတန်း ထပြေးရတဲ့အခါမျိုးရှိတယ်။ အခုလို စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတဲ့အတွက် ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေလည်း ရှိလာတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကျမတို့ ပြည်သူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော မလုံခြုံမှုတွေကို အများကြီးကြုံတွေ့နေရပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီအတွင်းမှာ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာက လူနေအိမ်ပေါင်း ၄၀၀ ထက်မနည်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။

ဒီလုပ်ရပ်တွေဟာ စစ်တပ်က ရခိုင်မှာ စစ်ရှုံးနေတဲ့အတွက် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောက်တရားလွမ်းမိုးအောင် ရည်ရွည်ချက်ချက်ရှိရှိ လုပ်ဆောင်နေတာလို့ ရခိုင်ပြည်နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့ဆိုရင် လေယာဉ်ဆီ တင်သွင်းတာတွေကို ဖြတ်တောက်ပြီးတော့ လေယာဉ်ဆီ အဓိက တင်သွင်းနေတဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို ပိတ်ဆို့အရေးယူဆောင်ရွက်ဖို့လိုတယ်လို့ NUG နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

“ဒီ လေယာဉ်ဆီတွေကို ဝယ်တဲ့အခါမှာ အမေရိကန် ဒေါ်လာနဲ့ ပေးချေရတာ ဖြစ်တဲ့အတွက်ကြောင့်မို့ စစ်ကောင်စီရဲ့ လက်ထဲကို ငွေမရှိအောင်လို့ ဖြတ်တောက်တဲ့ နည်းကလည်း တနည်းအားဖြင့် လေကြောင်း တိုက်ခိုက်မှုတွေကို လျော့ကျအောင် လုပ်တဲ့အခါမှာ နည်းလမ်းတခုအနေနဲ့ ကျမတို့ စီမံဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်။ ဒီပစ္စည်း လမ်းကြောင်းကို ဖြတ်တောက်ရုံမဟုတ်ဘဲနဲ့ သူ့လက်ထဲကို ငွေမဝင်နိုင်အောင် ဒီလောင်စာဆီကို ဒီလေယာဉ်ဆီကို မဝယ်နိုင်တဲ့ အနေအထားမျိုးအထိ ဖြစ်သွားအောင် သူ့လက်ထဲမှာ ဘဏ္ဍာရေးရန်ပုံငွေ ပြတ်တောက်သွားအောင် လုပ်တဲ့နည်းနာပေါ့နော်။ သူ့ရဲ့ ဘဏ္ဍာရေးရန်ပုံငွေကို စီးဆင်းနေတဲ့ ပေးချေနေတဲ့ ဘဏ်တွေ၊ ဒီ ဘဏ္ဍာရေးအဖွဲ့အစည်းတွေတွေကိုလည်း ကျမတို့ ထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေလုပ်ဖို့ စည်းရုံးလှုံ့ဆော်နေတာတွေ ရှိပါတယ်။”

အာရက္ခတပ်တော် (AA) ကလည်း ၂၀၂၅ ခုနှစ်စပိုင်းကစပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးလုပ်ဆောင်လာနေတာကြောင့် လေကြောင်းရန် အန္တရာယ်ကို အရင်ကထက် ပိုပြီးသတိထားဖို့နဲ့ အင်တာနက်၊ ဖုန်းသုံးစွဲမှုတွေကို သတိထားသုံးစွဲကြဖို့ သတိပေးတိုက်တွန်းထားပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013