မန္တလေးတိုင်း၊ တောင်သာမြို့နယ်နဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့သလို စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ စစ်တပ်က ရွာမီးရှို့လို့ ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်းတယောက် အပါအဝင် ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
တောင်သာ ပကဖရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ တောင်သာ ပကဖရဲ့ အမှတ်စဥ် ၇ စစ်အခြေခံသင်တန်းဆင်းပွဲ ပြုလုပ်နေချိန်မှာ စစ်သင်တန်းဆင်းပွဲ ပြုလုပ်တဲ့ နေရာဝန်းကျင်ကို တိုက်လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချသွားတယ်။ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်သွားတယ်။ Y12 လေယာဉ်နဲ့က ဗုံး ၁၆ လုံးနီးပါး ကြဲသွားတယ်။ စစ်သုံ့ပန်း ၁ ဦး အပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသွားကြသူတွေဟာ နန်းမြင့်ကျေးရွာက အသက် ၄၀ ကျော်အရွယ် ကိုအောင်ကို နဲ့ သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ ကျွဲတလင်းကျေးရွာက အသက် ၇၈ နှစ်အရွယ် ပျူစောထီး အဖွဲ့ဝင် ဦးသန်းရွှေတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် ပကဖ တာဝန်ခံတယောက်က “သင်တန်းဆင်းပွဲလုပ်မယ်ဆိုတာ သတင်းပေါက်ကြားခဲ့တယ်ပေါ့ဗျာ။ ဒါပေမဲ့လည်း ကျနော်တို့ဘက်က ဗုံးခိုကျင်းတွေကို အဆင်သင့်ပြင်ဆင်ထားပြီးမှ သင်တန်းဆင်းပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ လေယာဥ်သံကြားတာနဲ့ အားလုံး ဗုံးခိုကျင်းထဲကို ရောက်အောင် ပုန်းခိုနိုင်ခဲ့ကြလို့ ရဲဘော်တွေနဲ့ လာရောက်ကြည့်ရှုသူတွေရော ထိခိုက်ဒဏ်ရာရခဲ့သူ မရှိပါဘူး။ သင်တန်းဆင်းပွဲမှာ ရောက်လာသူတွေအားလုံး ဗုံးခိုကျင်းက ဘယ်လောက်အရေးပါတယ်ဆိုတာ မျက်မြင်တွေ့ခဲ့ရပြီး ကိုယ်တွေ့ကြုံရတော့ အတွေ့အကြုံတခု ရသွားတာပေါ့” လို့ DVB ကို ပြောပါတယ်။
တောင်သာမြို့နယ်အတွင်းက ဒေသခံပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ လေကြောင်းရန် သတိပေးထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့် လိုက်နာပေးကြဖို့နဲ့ ပြည်သူအချင်းချင်းတွေကြားမှာလည်း စစ်တပ်ရဲ့ လေယာဥ်သံကြားရင် အချက်ပေးပြီး ကြိုတင်ရှောင်ရှားနိုင်မယ့် အစီအမံတွေကို အရေးပေါ်ပြုလုပ်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက် ညပိုင်းကလည်း တောင်သာမြို့နယ်ထဲက ဇရပ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်နဲ့ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါသေးတယ်။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာလည်း စိုင်ကောင်းကျေးရွာကို ဖေဖော်ဝါရီ ၂ ရက်မှာ စစ်ကောင်စီတပ် မြေပြင်စစ်ကြောင်းက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသလို စက်တပ်လေထီးနဲ့ပါ ဗုံးကြဲချခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါး လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
နွေဦးတော်လှန်ရေး-မြိုင်မြို့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “စိုင်ကောင်းရွာကို စစ်တပ်က အင်အား ၃၀ လောက်ပါတဲ့ မြေပြင်ကနေ စစ်ကြောင်းထိုးဝင်ပြီး လူနေအိမ်တွေကို မီးရှို့တယ်။ ကပစ ၂၂ ကနေ တက်လာတဲ့ စက်တပ်လေထီးတွေနဲ့လည်း ဗုံးကြဲခဲ့ကြတာပါ” လို့ ပြောပါတယ်။
စိုင်ကောင်းကျေးရွာမှာ လူနေအိမ်ခြေ ၃၀ နီးပါးသာရှိပြီး အရင်က တဲစုသာဖြစ်ကာ ပြီးခဲ့တဲ့နှစ်ပိုင်းကမှ ကျေးရွာအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုသူရိန်က “စကစ စစ်ကြောင်းက စိုင်ကောင်းရွာကို ဖျက်ဆီးဖို့ သက်သက်လာတာ ဖြစ်နိုင်တယ်။ အိမ်ခြေ ၃၀ လောက်ရှိတဲ့ရွာမှာ အားလုံးမီးလောင်ပျက်စီးကုန်တယ်။ စစ်ကြောင်းလာတဲ့ သတင်းကြိုသိကြလို့ ရွာသားတွေကတော့ ထွက်ပြေးလွတ်မြောက်သွားကြတယ်။ ထိခိုက်ဖမ်းဆီးခံရတာတော့ မရှိဘူးလို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စခန်းအများစုကို သိမ်းပိုက်ရရှိပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဟာ မကွေးတိုင်းအတွင်းက သူတို့လက်အောက်ခံ ကပစ စက်ရုံတွေမှာ လုံခြုံရေးအင်အားတွေ တိုးမြှင့်ချထားနေသလို အဆိုပါ ကပစ စက်ရုံတွေကနေလည်း လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ ဆက်တိုက် ပြုလုပ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေယာဉ်သံနဲ့ လက်နက်ကြီးပစ်ခတ်သံတွေကြားရင် ဗုံးခိုကျင်းတွေနဲ့ ဗုံးဒဏ်ခံနိုင်မယ့် နီးစပ်ရာ အကာကွယ်ရှိရာ နေရာတွေကို အလျင်အမြန် ပြောင်းရွှေ့နေထိုင်ကြဖို့ တိုက်တွန်းထားတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ဆိပ်ဖြူအခြေစိုက် ကပစ ၂၂ ကနေ ဇန်နဝါရီ ၂၆ ရက် ညနေပိုင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆိပ်ဖြူမြို့နယ်အတွင်း ကင်မွန်းတောင့်ကျေးရွာက ကလေးသူငယ်တွေ အပါအဝင် ပြည်သူ ၅ ယောက် နေရာမှာတင် သေဆုံးခဲ့ကာ ပြည်သူ ၃ ယောက်လည်း အပြင်းအထန် ဒဏ်ရာတွေ ရခဲ့ပါတယ်။
ဇန်နဝါရီ ၃၀ ရက်ကလည်း ဆိပ်ဖြူမြို့နယ်ထဲက ရွှေဘိုးကျွန်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ဝန်းကျင်က ညောင်ဂွေးဝကျေးရွာနဲ့ ကျောက်ကြီးကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ကြပြီး ပြည်သူပိုင်ပစ္စည်းတွေကို ယူဆောင်သွားကြကာ ဒေသခံတွေရဲ့ လူနေအိမ်တွေနဲ့ မော်တော်ယာဥ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာတော့ ရွှေကျင်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဖေဖော်ဝါရီ ၂ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ကံကြီးကုန်းကျေးရွာဘက်မှ ရွှေလှေကျေးရွာအုပ်စု ရွှေကျင်ရွာထဲကို ခြေလျှင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာကို မီးရှို့နေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံရွာသားတယောက်က “အဲရွာက ပျူရွာနဲ့ အနီးဆုံးက ရွာတွေဖြစ်တော့ သူတို့ကို PDF က လာတိုက်ခံရမှာ ကြောက်ပြီး မြင်ကွင်းရှင်းတာ ဖြစ်မယ်။ ရွာအတွင်းအခြေအနေကတော့ ဘာမှမသိရသေးဘူး။ ရွာကိုတော့ မီးရှို့နေတာတော့ သေချာတယ်ဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းရန်ကို ကြောက်ပြီး ရွှေလှေ၊ ရွှေကျင်နဲ့ ဝယာ စတဲ့ကျေးရွာက ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တယောက်က “ကျနော်တို့အဖွဲ့တွေလည်း မရှိဘူး။ အခု မီးရှို့ခံရတဲ့ရွာက ကံကြီးကုန်းပျူရွာနဲ့ ရွာစည်းရိုးလေးပဲ ခြားတာ။ မီးရှို့ခံရတဲ့ရွာမှာလည်း ပျူတချို့ရှိတယ်။ အခုဟာက သူတို့ ပျူအချင်းချင်း မတည့်ကြလို့ ရွာကို မီးရှို့တာဖြစ်မယ်။ ကျနော်တို့နဲ့ကတော့ ဘာတိုက်ပွဲမှ မဖြစ်ဘူး။ သူတို့မီးရှို့ချင်လို့ကို ရှို့နေတာ” လို့ ပြောပါတယ်။
ကံကြီးကုန်းပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ အနီးဝန်းကျင်က ကျေးရွာတွေကို အခုလို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူတွေရဲ့ ဆန်၊ ဆီနဲ့ တန်ကြေးရှိ ရွှေ၊ ငွေ တွေကို ရှာဖွေ ယူဆောင်ပြီး အရပ်သားတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။