Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် PNLA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီ ပစ်သတ်
DVB
·
June 1, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာတိုက်ပွဲမှာ PNLA တပ်ဖွဲ့ဝင် ၅ ယောက်ကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက ဖမ်းဆီးရမိခဲ့ပြီး ၄ ယောက်ကို ပစ်သတ်လိုက်တဲ့ ဗွီဒီယိုဖိုင်ကို PNLA က ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့  ဇန်နဝါရီ ၁၂ ရက်နေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တို့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲကနေ ဖမ်းဆီးရမိခဲ့တဲ့ PNLA တပ်ဖွဲ့ဝင် ၄ ယောက်ကို ဇန်နဝါရီ ၁၃ ရက်မှာ နောက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်သတ်ဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဗွီဒီယိုဖိုင်ကို PNLA က ဖမ်းမိထားတဲ့ စစ်ကောင်စီ စစ်သုံ့ပန်းတပ်ဖွဲ့ဝင်တယောက်ရဲ့ ဖုန်းထဲက တွေ့ရှိခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အပြင် PNO ပြည်သူ့စစ်တွေကလည်း ဝိုင်းပြီး ပစ်ခတ်ခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။

နောက် PNLA တပ်ဖွဲ့ဝင်တယောက်ကိုလည်း အဲဒီနေ့မှာပဲ တခြားတနေရာမှာ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

PNLA ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ဘက်က ဖမ်းမိတဲ့သူတွေကိုဆိုရင် ပအိုဝ်း သံဃာတော်အဖွဲ့က မေတ္တာရပ်ခံလို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့လူတွေလည်းရှိပါတယ်။ ထိန်းသိမ်းခဲ့တဲ့စစ်သုံ့ပန်းတွေဆိုလည်း ဆေးဝါးကုသမှုတွေပေးခဲ့တယ်။ အသက်ရှင်သန်ခွင့် ကျနော်တို့ပေးခဲ့တယ်။ ဒါပေမယ့် သူတို့(စစ်ကောင်စီ၊ PNO)ကတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ဆက်ဆံတာမရှိဘဲနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာ” လို့ ပြောပါတယ်။

အဲဒီနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၂၀ ထက်မနည်းသေဆုံးခဲ့ပြီး PNLA ဘက်က ရဲဘော် ၁ ယောက် ကျဆုံး၊ ၅ ယောက်အဖမ်းခံခဲ့ရတာလို့ PNLA က ထုတ်ပြန်ပါတယ်။

PNLA က PNO ပြည်သူ့စစ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို သွားရောက်တိုက်ခိုက်တာမရှိသလို ပအိုဝ်း လူမျိုးအချင်းချင်း သတ်ဖြတ်တာတွေမပြုလုပ်ဘဲ စစ်အာဏာရှင်တိုက်ဖျက်ရေးကိုပဲ ဦးတည်တာလို့ သူက ဆိုပါတယ်။

PNO ပြည်သူ့စစ်ကို အဓိကအုပ်ချုပ်နေသူ ပအိုဝ်းလူမျိုးမဟုတ်တဲ့ ခရိုနီဦးနေဝင်းထွန်း က စစ်ကောင်စီအလိုကျလိုက်လုပ်ပြီး လူမျိုးတူအချင်းချင်း တိုက်ခိုက်ခိုင်းနေတာဖြစ်တယ်လို့ PNLA ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ  ၁၄ ရက်နေ့မှာလည်း PNO ပြည်သူ့စစ်က ရွာကိုအလည်ပြန်တဲ့ PNLA ရဲဘော် ၅ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013