Home
မြန်မာသတင်း
တောင်ငူတွင် လူငယ် ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ပစ်သတ်
DVB
·
June 1, 2025
Photo : ၃၅၀၄ တပ်ရင်း

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ထဲမှာ မေ ၂၈ ရက်နေ့က ညနေပိုင်းက ခရီးသွားလူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ပစ်သတ်ခဲ့တဲ့ ရုပ်အလောင်း တွေ့ရှိခဲ့သလို ပြည်သူပိုင်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသေးတယ်လို့ သိရပါတယ်။

အမှတ် ၂ စစ်ဒေသ၊ ဗျူဟာအမှတ်၂၃၊ ရေတာရှည်မြို့နယ်အခြေစိုက်တပ်ရင်း ၃၅၀၄၊ တပ်ခွဲ ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံက “တောင်ငူမြို့နယ်၊ ဒိုးနွယ်ကျေးရွာမှာဖြစ်ခဲ့တာပါ။ ပစ်သတ်ခံရတဲ့ လူငယ် ၂ ယောက်က ဆိုင်ကယ်စီးလာတာကို ဒိုးနွယ်ရွာ ကွန်ကရစ်လမ်းထိပ်မှာ အပစ်ခံရတာပါ။ အဲဒီသတင်းရလို့ ကျနော်တို့ရဲဘော်တွေ အခင်းဖြစ်တဲ့နေရာကိုရောက်သွားတော့ ပစ်သွားတဲ့ကောင်တွေက အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ အထိုင်ချနေတဲ့ ဒိုးနွယ်ရွာနားက ထုံးဘိုကြီးရွာ တပ်စခန်းကကောင်တွေလို့ သိရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြသူတွေဟာ အသက် ၃၀ ကျော်အရွယ် ကိုဖိုးလုံး နဲ့ ကိုရဲဇော် တို့ဖြစ်ကြပြီး သူတို့မိသားစုဝင်တွေရဲ့လုံခြုံရေးကြောင့်  နေရပ်လိပ်စာတွေကို လျှို့ဝှက်ပေးထားရတယ်လို့လည်း ဆိုပါတယ်။

တပ်ရင်း ၃၅၀၄ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုထိန်လင်း က “စုံစမ်းကြည့်တော့သူတို့ ၂ ယောက်က အဲဒီနေ့ နေ့လယ်ပိုင်းလောက်ကပဲ အပစ်ခံရတာလို့ သိရတယ်။ သူတို့တွေက အရပ်သားစစ်စစ်တွေပါ။ PDF တွေ၊ ပကဖ တပ်ဖွဲ့ဝင်တွေမဟုတ်ဘူး။ ခေါင်းတွေကိုပဲ တည်ပစ်သွားတာ မြင်မကောင်းဘူး။ ပစ်သတ်သွားရုံတင်မဟုတ်ဘူး။ သူတို့စီးလာတဲ့ဆိုင်ကယ်နဲ့ အခင်းဖြစ်တဲ့နေရာနဲ့ မနီးမဝေးက ဦးပေါ်ဦးတို့ရဲ့နေအိမ် ၁ အိမ်ကိုပါ မင်းမဲ့စရိုက်ဆန်ဆန် လူသားချင်း စာနာထောက်ထားစိတ်မရှိဘဲနဲ့ မီးရှို့ဖျက်ဆီးသွားကြသေးတယ်” လို့ DVB ကို ပြောပါတယ်။

အိမ်မီးရှို့ဖျက်ဆီးခံရတဲ့အတွက် နေအိမ်အတွင်းမှာရှိတဲ့ ဆန်အိတ် ၃၀ ဝန်းကျင်လည်း မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

အခုရက်ပိုင်းမှာ တောင်ငူမြို့နယ်အတွင်းက တောင်ငူ-လိပ်သိုလမ်းပိုင်းက ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်နေတာတွေရှိလို့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေရသလို တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးအခြေအနေလည်း တင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့နေထိုင်သွားလာကြဖို့ တိုက်တွန်းထားတယ်လို့လည်း တောင်ငူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013