
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး စခန်းချ တပ်စွဲနေလို့ သောင်းချီတဲ့ ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဆီကနေ သိရပါတယ်။
ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံက “ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့ တိုက်နယ် စစ်တပ်အထိုင်စခန်းတွေက ထွက်လာတဲ့စစ်ကြောင်း ၂ ခုက သူတို့အထိုင်စခန်းတွေနဲ့နီးတဲ့ ရွာတွေထဲကိုဝင်ပြီး ဆန်၊ ဆီလို စားသုံးကုန်တွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လုတယ်။ ပြီးတော့လည်း အဲဒီပစ္စည်းတွေကို ပြည်သူပိုင်လှည်းတွေနဲ့ တင်ပြီးတော့ သူတို့စခန်းတွေဆီကို သယ်သွားကြတယ်။ သင်တောရွာထဲမှာချန်ပြီး နေခဲ့တဲ့ကောင်တွေက ရွာထဲမှာ ဘန်ကာတွေ အခိုင်အမာဆောက်ပြီးတော့ တပ်စွဲဖို့အထိ လုပ်နေလို့ သူတို့စစ်ကြောင်းထိုးကတည်းက ထွက်ပြေးနေကြတဲ့ ပြည်သူတွေ ရွာတွေထဲ ပြန်မဝင်နိုင်တာ လဝက်လောက်ရှိနေပြီ။ သူတို့နဲ့ တိုက်ပွဲအခြေအနေကတော့ မဖြစ်သေးပေမဲ့ တင်းမာနေတယ်လို့ ပြောရမယ်။ အချိန်မရွေး ထဖြစ်နိုင်တဲ့ အနေအထားပေါ့” လို့ ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ မေ ၁၈ ရက်ကစပြီး သင်တောကျေးရွာ အပါအဝင် အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတာလို့လည်း ဆိုပါတယ်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူက “အဲဒီ စစ်ကြောင်း ၂ ကြောင်းပေါင်း အင်အား ၂၀၀ နီးပါးရှိတယ်။ အရင်နှစ်တွေကတော့ စစ်ကြောင်းထိုးပြီး ပြန်ဆုတ်ကြတာ။ အခုက သင်တောရွာထဲမှာကို အထိုင်ချနေတာ၊ သင်တောရွာဆိုတာက ကံကြီး၊ ပေါက်ဆိန်ကုန်း၊ အောက်တဲ၊ ဇော်ချောင်း၊ မိဿလင်ကုန်း ဆိုတဲ့ ရွာတွေရဲ့ အလယ်လောက်မှာရှိနေတော့ အဲဒီရွာတွေကိုလည်း စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ထွက်ပြေးနေကြရတာ ဖြစ်တယ်။ သင်တော အပါအဝင် ထွက်ပြေးနေကြတဲ့ရွာတွေက ၁၀ ရွာကျော်မှာပေါ့။ ပြည်သူ သောင်းဂဏန်း ရှိနေတယ်။ အခုထိ ရွာပြင်တွေနဲ့ လယ်ကွက်တွေထဲမှာ ဖြစ်သလိုနေနေကြရတာ ၂ ပတ် ကျော်လာပြီ။ သူတို့အတွက် ရိက္ခာ၊ ဆေးဝါးနဲ့ တခြားအကူအညီတွေ အများလိုအပ်နေတယ်။ အခုရက်ပိုင်း မိုးကလည်းရွာနေတော့ ပြည်သူတွေ ဒုက္ခအရမ်းရောက်နေကြတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ချပ်သင်းတိုက်နယ်နဲ့ ကိုးတောင်ဘို့တိုက်နယ်ထဲကို ပြီးခဲ့တဲ့ မေ ၂၁ ရက်ကလည်း တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဥ်နဲ့ ဗုံးကြဲချခဲ့လို့ အမျိုးသားတယောက် သေဆုံးခဲ့သလို ဒဏ်ရာရသူတွေ ရှိခဲ့သေးတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခု ၂၀၂၅ ခုနှစ်ကစလို့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်လာလို့ စစ်ဘေးရှောင်တွေအပြင် အရပ်သားသေဆုံးမှုနဲ့ ဒဏ်ရာရသူအရေအတွက် မြင့်တက်လာနေတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။