
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်က CDM ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်သူသူလွင် ဖမ်းဆီးခံထားရပေမဲ့ သင်တောကျေးရွာက သူ့ရဲ့ဆေးခန်းကိုတော့ ပုံမှန်ဖွင့်လှစ်ထားပြီး ခွဲစိတ်လူနာတွေကိုတော့ ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
CDM ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို နိုဝင်ဘာ ၃၀ ရက်က မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တပ်ဖွဲ့ဝင်တွေက သင်တောရွာက သူ့ရဲ့ဆေးခန်းမှာ ဖမ်းဆီးခဲ့ပါတယ်။
လက်ရှိမှာတော့ ဆရာဝန်ကြီးကို ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ ပျဉ်းကိုင်းကျေးရွာရုံးမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဆရာဝန်ကြီးဟာ လွန်ခဲ့တဲ့ ၂ နှစ်ထဲက သင်တောကျေးရွာမှာ ဆေးခန်းဖွင့်လှစ်ထားပြီး ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို အခမဲ့ ဆေးကုသမှုတွေ ပေးခဲ့တာလို့ နီးစပ်သူက ပြောပါတယ်။
ဆရာဝန်ကြီး ဖမ်းဆီးခံထားရတဲ့အတွက် ခွဲစိတ်လူနာတွေနဲ့ အရေးပေါ်လူနာတွေကိုတော့ တခြားဒေသက ဆရာဝန်တွေဆီ လွှဲပြောင်းထားပြီး ဆေးခန်းကတော့ ကျန်ရှိတဲ့ သူနာပြုတချို့နဲ့ ပုံမှန်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
သင်တောကျေးရွာ ဒေသခံတယောက်က “ဆရာမအနေနဲ့ ဒေသခံတွေအပေါ်မှာကတော့ ဘာသာရေး၊ သာသနာရေး၊ ကျန်းမာရေးကတော့ အဓိကပေါ့ဗျာ။ သူ့အနေနဲ့ကတော့ ကျန်းမာရေး စောင့်ရှောက်ပေးမှုကတော့ အခမဲ့ကူညီတာဖြစ်ခဲ့သလို ဒေသခံတွေနဲ့လည်း အစစအရာရာ အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ဆရာမ လွတ်မြောက်ဖို့အတွက်ကတော့ Chindwin Medical အဖွဲ့ကနေ လုပ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ဆေးခန်းကိုတော့ ဆက်လက် လည်ပတ်နေပါတယ်။ အခု တယောက် ၂ ယောက်လောက်သာပဲ ရှိပါတော့တယ်။ ရှိနေတဲ့ လူနာတွေကိုလည်း ဒီမှာရှိတဲ့ ဆရာ ဆရာမလေးတွေက ကုသပေးနေပါတယ်” လို့ ပြောပါတယ်။
ဆရာဝန်ကြီး ပြန်လည်လွတ်မြောက်ဖို့အတွက် မိသားစုဝင်တွေနဲ့ ကျေးရွာသူ ကျေးရွာသားတွေက လိုလားနေကြပြီး Chindwin Medical Humanitarian Network အဖွဲ့အနေနဲ့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းနေတယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ CDM ဆေးရုံအုပ် ဒေါက်တာ ဒေါ်ခင်သူသူလွင်ကို သူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ထမ်းဆောင်ခဲ့စဉ်က လုပ်ငန်းဆိုင်ရာ စာရင်းဇယားတွေ၊ ရုံးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို မရှင်းလင်းခဲ့တာကြောင့် ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဆရာဝန်ကြီးကို အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဌာနက ရာဇသတ်ကြီး ပုဒ်မ ၄၀၆၊ ၄၀၉ တို့နဲ့ အမှုဖွင့်ထားပြီး ဧည့်တွေ့ခွင့်ပေးထားသလို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခွင့်ပေးထားတယ်လို့ သိရပါတယ်။
မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကတော့ ဖမ်းဆီးပြီး နောက်တနေ့တည်းက ရဲလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မင်းကင်းမြို့နယ် ရဲမှူးကြီး ဦးနိုင်ဝင်းက “ဒီဖြစ်စဉ်တွေကို ဆရာမကြီးလည်း ငြင်းကွယ်တာ မရှိပါဘူး။ ဒါပေမဲ့ ဒီဟာကိုတော့ နှစ်ဦးသဘောတူ ဖြေရှင်းရမှာတော့ ရှိတာပေါ့။ တရားလိုနဲ့ စွပ်စွဲခံထားရတဲ့သူနဲ့ ဖမ်းဆီးခံထားရတဲ့သူနဲ့တော့ အခုတိုင်ကြားချက်တွေက အမှန်အတိုင်း ဖြစ်ခဲ့တဲ့ဟာတွေလေ၊ အကုန်လုံး အမှန်အတိုင်းဖြစ်ခဲ့တဲ့ ဟာတွေလေ။ အဲဒီ သူတို့ ဆောင်ရွက်ထားတဲ့အပေါ်မှာ ဖြေရှင်းဆောင်ရွက်သွားမယ်။ ကျနော်တို့က သက်သေအထောက်အထားတွေ ရှာဖွေပြီးတော့မှ စုဆောင်းပေးရမယ်။ ပြီးရင် စစ်ဆေးခွင့်ကာလ ပြီးရင် တရားရုံးကို စွဲတင်မယ်၊ တရားရုံးက ဒါက စစ်ဆေးပြီးမှ ကြားနာမယ်ပေါ့။ ဆရာမ ဆိုတာကလည်း ကျနော်တို့နဲ့ အတူလက်တွဲပြီး ဆောင်ရွက်ခဲ့ကြတာလေ။ ဒါတွေက တယောက်နဲ့တယောက် တွေ့ဆုံပြီး မဖြေရှင်းကြခဲ့လို့သာ အခုလိုတွေ ဖြစ်လာတာပေါ့လေ” လို့ ပြောပါတယ်။
ဒေါက်တာ ဒေါ်ခင်သူသူလွင်ဟာ စစ်အာဏာသိမ်းပြီးကတည်းက မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံအုပ် ရာထူးကနေ CDM ပြုလုပ်ခဲ့ပြီး Chindwin Medical Humanitarian Network အဖွဲ့နဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သီရိ


