
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ပုသိမ်ပြည်သူ့ဆေးရုံကြီးက ဒုဆေးရုံအုပ် ကောင်းမြတ်စိုးဟာ ဆေးရုံက ဆေးဝါးတွေ အလွဲသုံးစားမှုနဲ့ စစ်ဆေးခံရတယ်လို့ ပုသိမ်ဆေးရုံအသိုက်အဝန်းကနေ သိရပါတယ်။
ပုသိမ်ပြည်သူ့ဆေးရုံက ဆေးဝါးတွေကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးအတွက် စီးပွားရှာနေတယ်လို့ တိုင်ကြားခံရတာကြောင့် ကောင်းမြတ်စိုးကို ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်က မြောင်းမြဆေးရုံအုပ် ဦးဇော်မင်းသိုက်နဲ့ တိုင်းဦးစီးမှူးတွေက လာရောက်စစ်ဆေးခဲ့ကြပြီး လှရတနာ ဆေးခန်းလိုင်စင် အမည်မှာ ကောင်းမြတ်စိုးအမည် ဖြစ်နေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ဆေးရုံက ဝန်ထမ်းတယောက်က “ကောင်းမြတ်စိုးက စစ်ဆေးခံရတာ ဟုတ်တယ်။ ပုသိမ် ပြည်သူ့ဆေးရုံအုပ်ကြီး ဦးအောင်ဝင်းကို ကျော်လွန်ပြီး ဆေးရုံမှာ စိတ်ကြိုက်ခြယ်လှယ်နေတာ။ အထက်အဆင့်ဆင့် ငွေကြေးအမြောက်အမြား လာဘ်ထိုး ပေးကမ်းထားတယ်။ မပြောင်းရွှေ့ရရေးအတွက် ကောင်းမြတ်စိုးက အထက်အဆင့်ဆင့်ကို အသည်းအသန် လိုက်ဖားနေရတယ်” လို့ ပြောပါတယ်။
ဒုဆေးရုံအုပ်ဟာ သူ့ရဲ့ ဒုတိယဇနီးဖြစ်တဲ့ အမျိုးသမီးသူနာပြု ဖြိုးမြင့်မြင့်ဖြိုးကို လှရတနာဆေးဆိုင် ဖွင့်ပေးထားပြီး ဆေးရုံက ဆေးဝါးတွေနဲ့ စီးပွားရှာနေကြတယ်လို့ သိရပါတယ်။
ပုသိမ်မြို့ခံတယောက်က “ဆေးရုံက လူနာတွေကို အခမဲ့ပေးတာ ဘာတခုမှမရှိဘူး။ အခမဲ့ ထုတ်ပေးတဲ့ ဆေးဝါးတွေကို ထုတ်ပေးတာမရှိဘဲ ဇနီးဖြစ်တဲ့ မိန်းမဆေးဆိုင်ကို ဆေးစာရေးပြီး ပြည်သူတွေကို ပြန်လည် ဝယ်ယူသုံးစွဲခိုင်းတာ။ ဆေးစာရေးဖို့အတွက် လှရတနာဆေးဆိုင် ဘောင်ချာတွေ ပေးထားတယ်” လို့ ပြောပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဒုဆေးရုံအုပ်ကြီး ကောင်းမြတ်စိုးကိုတော့ ဆက်သွယ် မေးမြန်းနိုင်ခြင်းမရှိပါဘူး။
ဒုဆေးရုံအုပ်ကြီး ကောင်းမြတ်စိုးဟာ အရပ်သား ပြည်သူတွေကို ဆေးတွေ အခမဲ့ပေးတဲ့ ဆရာ ဆရာမတွေကို အကြောင်းအမျိုးမျိုးရှာပြီး နေရာပြောင်းရွှေ့နေသလို ဆေးတွေကို ရက်လွန်ကာနီး သုံးမရတဲ့ အခြေအနေမျိုးမှသာ အရပ်သား ပြည်သူတွေကို အခမဲ့ထုတ်ပေးတာ၊ လျှော့ရောင်းချတာတွေ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒုဆေးရုံအုပ် လင်မယားမှာ ဝန်ထမ်းအိမ်ရာကို ရယူထားတဲ့အပြင် ဆေးရုံသစ် ၉ ထပ်ဆောင်မှာ ၁ လွှာနဲ့ ၇ လွှာမှာ အခန်း တခန်းစီ ယူထားတယ်လို့ သိရပါတယ်။