Home
မြန်မာသတင်း
နမ့်ခမ်းဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ စွန့်စွာ၊ ဒေသခံများ အခက်ကြုံ
DVB
·
November 27, 2023
NamKam_27112023

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ တိုက်ပွဲတွေကြောင့် မြို့အရှေ့ဘက် နောင်ဇန့်ကုန်းပေါ်ရှိ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးက  Non-CDM ဆေးရုံအုပ်ကြီးနဲ့တကွ လက်ထောက်ဆရာဝန်တွေ၊ အကြီးတန်း သူနာပြုတွေ ဆေးရုံကိုစွန့်ခွါစစ်ဘေးရှောင် သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှာ TNLA က မြို့မရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ထဲမှာ ဝင်ရောက် နေရာယူထားတာကြောင့် ဌာနဆိုင်ရာရုံးတွေ၊ စာသင်ကျောင်းတွေ ပိတ်ထားရပြီး ဌာနဆိုင်ရာဝန်ထမ်းတွေလည်း နေရပ်ပြန်ကုန်ကာ တချို့လည်း စစ်ဘေးရှောင်နေကြရပါတယ်။

ဆေးရုံမှာတော့ ဆေးဝေငှပေးတဲ့ ဝန်ထမ်းနဲ့ သူနာပြုဆရာမတချို့သာ ကျန်ရှိပြီး ပြီးခဲ့တဲ့အပတ်က TNLA တပ်က တိုက်ပွဲမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ပြည်သူ့ဆေးရုံကို ခေါ်ဆောင်လာတဲ့အတွက် လူနာတွေ ကြောက်ရွံ့ပြီး ဆေးရုံဆင်းသွားကြတယ်လို့  နမ့်ခမ်းဒေသခံတဦးက ပြောပါတယ်။

“နမ့်ခမ်းမြို့ပေါ်က အစိုးရဝန်ထမ်းတွေ ထွက်သွားတော့ ဆေးရုံဝန်ထမ်းတွေလည်း တိမ်းရှောင်ကြတယ်။ ဆေးရုံအုပ်ကြီးက အစပိုင်းတော့ ညစောင့်အိပ်သေးတယ်၊ နောက်ပိုင်းတော့ ဘာလို့လဲမသိဘူး၊ မအိပ်တော့ဘူး။ စစ်ဘေးရှောင်သွားပြီလို့လည်း ကြားတယ်။ အဲဒီ နောင်ဇန့်ကုန်းရဲ့ အရှေ့ဘက်မှာ ပလောင်ရွာတွေရှိတယ်။ TNLA တပ်တွေက အဲဒီဘက်ကနေ မြို့ထဲလာလေ့ရှိတယ်လေ၊ မလုံခြုံလို့ထင်ပါတယ်။ ဆေးရုံမှာ ဆေးဝေပေးတဲ့ ဝန်ထမ်းနဲ့ ပလောင်လူမျိုး ဝန်ထမ်းတချို့ပဲ ကျန်တယ်။ ပြီးခဲ့တဲ့အပတ်က စခန်းသစ်ကုန်းနားက တိုက်ပွဲမှာ ပလောင်စစ်သားတွေ အများကြီး ဒဏ်ရာရတော့ အဲဒီဆေးရုံကို သယ်သွားတယ်။ TNLA ဆေးမှူးကလည်း အဲဒီမှာပဲ လာကုပေးတယ်။ အပြင်မှာ ပလောင်စစ်သားတွေက လက်နက်ကိုင်ပြီး လုံခြုံရေးယူတယ်။ လူနာတွေက မနေရဲတော့ ဆေးရုံဆင်းသွားကြတယ်။”

နမ့်ခမ်းဆေးရုံကနေ ဆင်းသွားတဲ့ လူနာတချို့မှာ မူဆယ်ဆေးရုံကိုတချို့၊ ပုဂ္ဂလိကဆေးရုံကို တချို့ ပြောင်းရွှေ့ကုသပြီး ငွေကြေးမတတ်နိုင်သူကတော့ အိမ်မှာပဲ ဆေးမြီးတိုနဲ့ ပြန်ကုနေရကြောင်း၊ နမ့်ခမ်း-မူဆယ်သွား ကားခဈေးတက်နေပြီး ပုဂ္ဂလိကဆေးရုံမှာလည်း ဆေးတချို့ ပြတ်လပ်နေတာကြောင့် နမ့်ခမ်းဒေသခံတွေ ကျန်းမာရေးအတွက် အခက်အခဲ ဖြစ်နေရတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ခါတိုင်းဆို နမ့်ခမ်းဆေးရုံသွားရင် အခမဲ့ကုပေးတယ်လေ။ ဆေးရုံမှာမရှိတဲ့ ဆေးကျမှ ကိုယ့်ဘာကိုယ် ဝယ်ရတာ။  ခုတင်လည်း ဖရီးပဲ။ သီးသန့်အခန်းနဲ့နေရင်လည်း ထောင်ဂဏန်းပဲရှိတယ်။ ပုဂ္ဂလိကဆေးရုံနဲ့တော့ တအားကွာတာပေါ့။ မူဆယ်ဆေးရုံသွားရင် အရင်က ကားခ ၁၅,၀၀၀၊ အခုဆို ၂၀,၀၀၀ ကျော်သွားပြီ။ ခုရက်ပိုင်း TNLA ဘက်က မူဆယ်ဘက်အထွက်လမ်းကို ပိတ်ထားတော့ သွားလို့လည်း မရတော့ဘူး။ အရေးပေါ်လူနာ၊ လက်နက်ကျည်ထိတဲ့ လူနာတွေဆိုရင် ပရဟိတအဖွဲ့တွေကိုပဲ အားကိုးရတော့တယ်။ ကိုယ့်ဘာကိုယ်သွားဖို့ မလွယ်တော့ဘူး။”

နမ့်ခမ်းဆေးရုံကြီးကို အမေရိကန်သာသနာပြု ဒေါက်တာဟာပါးက ၁၉၀၂ ခုနှစ်မှာ စတင်ဖွင့်လှစ်ပါတယ်။

ဆေးရုံကြီးအတွက် မြေဧက ၃၀ ကျော်ကို သိန္နီစော်ဘွားကြီးက လှူဒါန်းခဲ့ပါတယ်။ ၁၉၂၂ မှာ ဒေါက်တာ ဂေါ်ဒွန်စတစ်လာဆီးဂရေးစ် ဆိုသူက တာဝန်လွှဲပြောင်းယူပြီး ရွှေလီမြစ်ကမ်းက ကျောက်တုံးတွေနဲ့ ဆေးရုံကြီးကို ပြန်လည်မွမ်းမံ တည်ဆောက်ခဲ့ပါတယ်။

ဒေါက်တာဆီးဂရေးစ်ဟာ ဒေသခံတိုင်းရင်းသားတွေပေါ်မှာ ဘာသာလူမျိုးမခွဲဘဲ စေတနာနဲ့ ကုသပေးတာကြောင့် နမ့်ခမ်းပြည်သူများရဲ့ ချစ်ခင်မှုကိုရရှိပြီး သူကွယ်လွန်တဲ့အခါ သူ့ကျေးဇူးကို အမြဲအမှတ်ရ‌စေဖို့ သူ့ရဲ့အုတ်ဂူကို ဆေးရုံနားမှာပဲ တည်ဆောက်ထားပေးပါတယ်။

Photo Credit- နမ့်ခမ်းဆေးရုံ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013