Home
မြန်မာသတင်း
မြန်မာကို ငွေကြေးထောက်ပံ့မှုမပေးရေး ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော် အတည်ပြု
DVB
·
December 4, 2025
Photo: Young Kim

မြန်မာစစ်ကောင်စီထံ အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးနဲ့ ထောက်ပံ့တဲ့ နိုင်ငံတကာဘဏ္ဍာငွေတွေ မရောက်ရှိစေရေးအတွက် ရည်ရွယ်တဲ့ မြန်မာအတွက် ရန်ပုံငွေသစ် မပေးရေး ဥပဒေကြမ်းတရပ်ကို အမေရိကန်အောက်လွှတ်တော်က အခုသီတင်းပိတ်အတွင်း အတည်ပြုလိုက်ပါတယ်။ 

“The No New Funds for Burma Act” လို့အမည်ပေးထားတဲ့   ဒီဥပဒေကြမ်းဟာ အပြည်ပြည်ဆိုင်ရာ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (IBRD) ကနေ မြန်မာနိုင်ငံအတွက် ငွေကြေးထောက်ပံ့မှုအသစ်တွေနဲ့ ထုတ်ပေးမှုတွေကို ဆက်လက်ရပ်ဆိုင်းထားဖို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကို ညွှန်ကြားထားပါတယ်။ 

ဥပဒေကြမ်းသစ်ဟာ အပြည်ပြည်ဆိုင်ရာဘဏ်တွေကနေ စစ်ကောင်စီဆီ ငွေကြေးစီးဆင်းမှုကို ပိတ်ဆို့ဖို့ ရည်ရွယ်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေတွေ တိုးတက်လာပြီလို့ ဘဏ္ဍာရေးဝန်ကြီးက သတ်မှတ်မှသာ ဒီရပ်ဆိုင်းမှုကို ပြန်လည်ရုပ်သိမ်းမှာ ဖြစ်ပါတယ်။

ဥပဒေကြမ်းကို ဦးဆောင်တင်သွင်းသူ အောက်လွှတ်တော်အမတ် ယန်းခင်မ်က “မြန်မာစစ်တပ်ဟာ ၅ နှစ်လောက်ကြာအောင် အရပ်သားပြည်သူတွေကို အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ အရပ်သားတွေကို အကြမ်းဖက်၊ ရွေးကောက်ပွဲ အတုအယောင်တွေ ကျင်းပပြီး တရုတ်နဲ့ ရုရှားအတွက် ကြားခံလုပ်ပေးနေတဲ့ တရားမဝင် နိုင်ငံခြားစစ်တပ်တခုကို အမေရိကန်အခွန်ထမ်းတွေရဲ့ ပိုက်ဆံနဲ့ ထောက်ပံ့စရာ အကြောင်းမရှိပါဘူး” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

သူက ဒီဖိအားကို ဆက်ထိန်းထားဖို့နဲ့ မြန်မာပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ အောက်လွှတ်တော်က ဒီမိုကရက်တွေရော ရီပတ်ဘလစ်ကန်တွေပါ ပါတီနှစ်ရပ်စလုံး ပူးပေါင်းဆောင်ရွက်တာကို ဂုဏ်ယူကြောင်းနဲ့ ဒီဥပဒေကြမ်းကို အမြန်ဆုံး အတည်ပြုနိုင်ဖို့ အထက်လွှတ်တော်ကို တိုက်တွန်းကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီဥပဒေကြမ်းအတည်ပြုဖို့ကတော့ ဆီးနိတ် အထက်လွှတ်တော်ရဲ့ အတည်ပြုချက် လိုအပ်နေသေးတာ ဖြစ်ပြီး နောက်ဆုံးမှာ သမ္မတထရမ့်ပ်က အတည်ပြုလက်မှတ်ရေးထိုးပြီးရင်တော့ ဥပဒေတရပ် အဖြစ် အသက်ဝင်လာမှာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013