
စစ်ကောင်စီကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ Kaw ThooLei Army (KTLA) တပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောနယ်ဒါးမြက စက်တပ်လေထီးနဲ့ တိုက်ပွဲဝင်နိုင်ဖို့ နိုဝင်ဘာ နောက်ဆုံးအပတ်က စက်တပ်လေထီး မောင်းနှင်ပြသခဲ့တယ်လို့ KTLA တိုင်းရင်းသား လက်နတ်ကိုင်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စက်တပ်လေထီးကို ကိုယ်တိုင်စီးနင်းမောင်းနှင် ပြသခဲ့ပြီး ရဲဘော်တွေကို ပြန်လည်သင်ကြားပြသပေးမှာ ဖြစ်ကာ တိုက်ပွဲဝင်ဖို့ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
KTLA တိုင်းရင်းသားလက်နက်ကိုင် သတင်းပြန်ကြားရေး တာဝန်ရှိသူက “အဖူး စက်တပ်လေထီး မောင်းနှင်ပြသတာကတော့ ကျနော်တို့နယ်မြေမှာ ပထမဦးဆုံးပဲ။ ရဲဘော်တွေကို ပြန်လည်သင်ကြားပြသပေးပြီး စက်တပ်လေထီးနဲ့ တိုက်ပွဲဝင်ဖို့ ကြိုးစားနေတာ” လို့ ပြောပါတယ်။
“ခုမောင်းနှင်ပြသတာကတော့ အပျော်စီးအမျိုးအစားဖြစ်ပြီး လေ့ကျင့်ရေးတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာပါ။ ဗွီဒီယိုထဲမှာ မြင်တွေ့တဲ့အတိုင်းပဲ အဖူးကိုယ်တိုင် Safety equipments ဘာတခုမှ မဝတ်ဆင်ဘဲ မောင်းနှင်ပြသထားတာကြောင့် ရဲဘော်တွေလည်း အတွေ့အကြုံအသစ် ရရှိတယ်” လို့ ဆိုပါတယ်။
KTLA တပ်ဖွဲ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနေပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအထဲ ပထမဦးဆုံး စက်တပ်လေထီးနဲ့ တိုက်ပွဲဝင်နိုင်ဖို့ လေ့ကျင့်ပျံသန်းမှုတွေ လုပ်နေတာဖြစ်ကြောင်း မြေပြင်တော်လှန်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။


