
ကာရစ်ဘီယံဒေသမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်လာချိန် ပနားမားနဲ့ အမေရိကန်ပြည်ထောင်စုတို့ ဒီဇင်ဘာ ၂ ရက်က ပူးတွဲလေ့ကျင့်ရေးတရပ်ကို ဆောင်ရွက်ခဲ့ပါတယ်။
ဒေသတွင်းမှာ အမေရိကန် ရှိနေတာကို ဗင်နီဇွဲလားအတွက် ခြိမ်းခြောက်မှုတခုအဖြစ်လည်း ရှုမြင်နေကြပါတယ်။
လေ့ကျင့်ခန်းမှာ အမျိုးသားရဲတပ်ဖွဲ့၊ ရေတပ်၊ လေတပ်နဲ့ နယ်ခြားစောင့်တပ်တွေက ပနားမားတပ်ဖွဲ့ဝင် ၂၅ ယောက်နဲ့အတူ အမေရိကန်ရေတပ်သား ၂၅ ယောက် ပါတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
အင်္ဂါနေ့ လေ့ကျင့်ခန်းမှာ ပါဝင်သူတွေက ဒဏ်ရာရသူတွေကို ကယ်ထုတ်တဲ့ပုံစံနဲ့ လေကြောင်း လူနာတင်ယာဉ် လေ့ကျင့်ခန်းတွေကို လေ့ကျင့်ခဲ့ကြပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တိုက်ဖျက်ရာမှာ ပနားမား လုံခြုံရေးတပ်ဖွဲ့တွေအကြား ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ အပူပိုင်းဒေသ တောတွင်း ရှင်သန်ရပ်တည်ရေး အတွေ့အကြုံကို အဓိက ကြိုးပမ်းလေ့ကျင့်နေကြတာပါ။
ဗင်နီဇွဲလားနွယ်ဖွား အမေရိကန်ဗိုလ်ကြီး နယ်လ်ဆင် မာချန်က ဗင်နီဇွဲလားအစိုးရနဲ့ လက်ရှိ တင်းမာမှုတွေနဲ့ ဒီလေ့ကျင့်ရေးနဲ့ ကြားမှာ ဆက်စပ်မှုမရှိဘူးလို့ ငြင်းဆိုခဲ့ပြီး သူတို့အာရုံစိုက်တာက ပနားမားနဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အကောင်းဆုံး အသုံးချဖို့လို့ ပြောခဲ့ပါတယ်။
အမေရိကန်ဟာ Panamax Alpha 2025 လေ့ကျင့်ခန်းရဲ့ တစိတ်တပိုင်းအဖြစ် ပနားမား တူးမြောင်းကို ကာကွယ်ဖို့ ရည်ရွယ်ပြီး အခုနှစ်အတွင်း ပနားမားနိုင်ငံထဲမှာ စစ်ရေးလေ့ကျင့်မှုအမျိုးမျိုး လေ့ကျင့်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုရဲ့ အစိုးရကို ဖိအားပေးရင်း စစ်ရေးအင်အား တိုးချဲ့နေတာပါ။
စက်တင်ဘာလ အစောပိုင်းကစပြီး ကာရစ်ဘီယံနဲ့ ပစိဖိတ်ဒေသမှာ မူးယစ်ဆေးဝါး တင်ဆောင်လာတယ်လို့ ယူဆရတဲ့ လှေတွေကို အမေရိကန်တပ်ဖွဲ့တွေက ၂၁ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး လူ ၈၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
Source: Reuters


