
ပြည်ပမှာ တိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာကဗျာဆရာ မေယုအလီ (Mayyu Ali) ဆီကနေ ဇာတိမြေ နေထိုင်ခွင့်၊ စိတ်ရှုပ်ထွေးမှုတွေ၊ ဆုံးရှုံးမှုတွေအကြောင်း ဇာတ်လမ်းတပုဒ် ထွက်လာပါတယ်။ အဖြစ်မှန်တွေ မှတ်တမ်းတင်ဖို့ ရည်ရွယ်ချက်ရှိရှိ၊ ကဗျာဆန်ဆန် ထိန်းထိန်းသိမ်းသိမ်း ရေးပြထားတာပါ။
ဒီစာအုပ်က ထွက်မလာနိုင်တော့မလိုတောင် ဖြစ်ခဲ့တာပါ။ စာရေးသူက ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တခုနဲ့ သဘောထားမတိုက်ဆိုင်လို့ ပြည်ပမှာ တိမ်းရှောင်နေရတုန်း ရေးခဲ့တာ ဖြစ်ပါတယ်။ အခုတော့ အင်္ဂလိပ်ဘာသာနဲ့ ထွက်ရှိလာခဲ့ပါပြီ။
စာအုပ်အဖွင့်ကစပြီး "Eradication" ဟာ ပုဂ္ဂိုလ်ရေး ညည်းချင်းတခု မဟုတ်ဘူးဆိုတာ ပြနေပါတယ်။
မေယုအလီက သူ့ရဲ့ ကိုယ်ပိုင် ဇာတ်လမ်းတပုဒ်ကို ပြန်လည်ပြောပြထားပေမဲ့ အဲဒီဇာတ်လမ်းဟာ သူတို့အားလုံးကြုံတွေ့လျှောက်လှမ်းခဲ့ရတဲ့ စုပေါင်းခရီးတခုရဲ့ ပြယုဂ်တခုအဖြစ် တည်ရှိနေပါတယ်။ ဒါဟာ ၂၀၁၇ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုကြီး အပါအဝင်၊ အဲဒီမတိုင်မီ ဆယ်စုနှစ်များစွာအတွင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတို့ရဲ့ ဘဝမှတ်တမ်းတခုပဲဖြစ်ပါတယ်။
ဒီစာအုပ်ရဲ့ အစပိုင်းကို ဘေးဒုက္ခတွေနဲ့ ဖွင့်မထားပါဘူး။ အမှတ်တရတွေ၊ ခံစားမှုအထိအတွေ့တွေ၊ နေရာဒေသအပေါ် ခိုင်ခိုင်မာမာ ခံစားရတဲ့ အငွေ့အသက်တွေနဲ့ အစပျိုးထားပါတယ်။
ကိုယ့်မြေနဲ့ သက်ဆိုင်ပြီး အခိုင်အမာ အဆက်အစပ်ရှိတဲ့ လူတွေရဲ့ ဓလေ့ထုံးတမ်းတွေ၊ ဘဝနေထိုင်မှုပုံစံတွေကို ဖော်ပြထားတယ်။
သူတို့ကိုယ်သူတို့ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့် ဓလေ့ထုံးစံတွေနဲ့ နေထိုင်သူတွေအဖြစ်သာ မြင်ခဲ့ကြသူတွေပါ။ နောက်ပိုင်း မီဒီယာတွေက ဖော်ပြတဲ့ (ဒုက္ခသည်/အဖိနှိပ်ခံ) ပုံစံမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်တုန်းကမှ မမြင်ခဲ့ကြပါဘူး။
မေယု အလီက ရခိုင်ပြည်မှာ မြစ်တွေဆီပြေးလွှားခဲ့တာ၊ ဝါးတောတွေထဲ ဆော့ကစားခဲ့တာ၊ မေယုတောင်တန်းတွေရဲ့ မနက်ခင်းမှာ မြူတွေဆိုင်းတာကို ထိုင်ကြည့်ခဲ့တာ စတဲ့ အေးချမ်းသာယာပြီး အပြစ်ကင်းစင်ခဲ့တဲ့ နေ့ရက်တွေကို ပုံဖော်ပြထားပါတယ်။
မြန်မာအက္ခရာ သင်ခဲ့ရတာ၊ နိုင်ငံတော်သီချင်း ဆိုခဲ့ရတာ၊ ပြီးတော့ အစိမ်းရောင်လုံချည်နဲ့ အဖြူရောင်ရှပ်အင်္ကျီဆိုတဲ့ ကျောင်းဝတ်စုံကို ဂုဏ်ယူပြီး ဝတ်ခဲ့ရတာတွေအကြောင်းလည်း ရေးထားပါတယ်။
ရခိုင်ကလေးတွေ၊ ဟိန္ဒူကလေးတွေနဲ့ စာသင်ခန်းတခုတည်းမှာ အတူတူ ပညာသင်ခဲ့ရတာတွေကို သူ မှတ်မိနေတယ်။ ဒါဟာ မြန်မာပြည်က လူတော်တော်များများရဲ့ ကြီးပြင်းလာပုံနဲ့ တူညီနေနိုင်တဲ့ အခြေအနေတခုပါ။
မေယုအလီ အရွယ်ရောက်လာပြီး သူ့ပတ်ဝန်းကျင်ကို ပိုပြီး သတိထားမိလာပါတယ်။၊ စာအုပ်ထဲမှာလည်း သူတို့လူ့အဖွဲ့အစည်းအပေါ် ဖိအားတွေ တဖြည်းဖြည်း တိုးများလာတာကို ပိုပြီး ပုံဖော်လာပါတယ်။
မြန်မာစစ်တပ်၊ စစ်တပ်သြဇာခံ ဒေသခံအာဏာပိုင်တွေက ကန့်သတ်ချုပ်ချယ်လာတာတွေ၊ စောင့်ကြည့်မှုတွေ ပိုတင်းကျပ်လာတာကို နေ့စဉ်တွေ့ကြုံနေရတဲ့ အဖြစ်အပျက်လေးတွေ၊ လေသံပြောင်းလာတာလေးတွေကနေတဆင့် ပြထားပါတယ်။
ဖိအားတွေက တဖြည်းဖြည်းချင်း၊ မသိမသာနဲ့ စုပုံလာပါတယ်။ "ဘာလို့ ဒါတွေ ဖြစ်နေရတာလဲ" ဆိုပြီး ရှုပ်ထွေးနေတဲ့ အလီရဲ့ နေရာကနေ စာဖတ်သူတွေက လိုက်ပြီး ခံစားလို့ရပါတယ်။
ဒီအတွေ့အကြုံကို ဖတ်ရင်း အဆိုးဝါးဆုံး အနာဂတ်ကမ္ဘာကို ရေးထားတဲ့ စိတ်ကူးယဉ် ဝတ္ထုတပုဒ်နဲ့ သွားနှိုင်းလိုက်ရင်၊ ဒါတွေဟာ တကယ် အစုလိုက်အပြုံလိုက် ဖြစ်ပျက်ခဲ့တယ်ဆိုတဲ့ အမှန်တရားကို ပေါ့ပျက်ပျက် ဖြစ်သွားစေနိုင်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့အခြေအနေတွေ တိတ်တဆိတ် ယိုင်နဲ့ပျက်စီးလာပြီဆိုတာကို စာဖတ်သူက လိုက်ခံစားရတဲ့အခါ ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကတော့ တကယ်ကို ပြင်းထန်ပါတယ်။
စာအုပ်ထဲမှာ မေယုအလီက “သူတို့ ဒါမှမဟုတ် သူ့လူမျိုးတွေ ဘာအမှားများ လုပ်ခဲ့မိလို့ ဒီလိုတွေ ကြုံနေရတာလဲ” ဆိုပြီး သူ့ကိုယ်သူ အကြိမ်ကြိမ် ပြန်မေးခဲ့တာကို ဖော်ပြထားပါတယ်။ အဲဒီနေ့တွေတုန်းက သူဟာ “မတရားမှုရဲ့ ခါးသီးတဲ့ အရသာကို” ပါးစပ်ထဲမှာ အမြဲ ခံစားနေခဲ့ရတယ်လို့ ရေးဖွဲ့ထားပါတယ်။
ထူးခြားတာက ဒီစာအုပ်က ခါးခါးသီးသီး နာနာကြည်းကြည်းနဲ့ ရေးသားထားတာ မဟုတ်ပါဘူး။ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ ဂုဏ်သိက္ခာရှိရှိ ရေးထားတာပါ။ ဒါက ဒီစာအုပ်ရဲ့ အကြီးမားဆုံး အောင်မြင်မှုတခုတောင် ဖြစ်နိုင်ပါတယ်။ ဘယ်လို ခံစားရမယ်ဆိုပြီး အတင်းညွှန်ကြားမနေဘဲ ဖတ်ရင်းနဲ့ကို မတရားမှုကို စာဖတ်သူက အပြည့်အဝ ခံစားမိစေလာပါတယ်။ အဲဒီအချက်ကြောင့်ပဲ၊ နောက်ဆက်တွဲ ဖြစ်လာတဲ့ အဖြစ်မှန်တရားတွေက ပိုလို့တောင် မတရားပါလားလို့ ခံစားလာရစေတော့တယ်။
စိတ်အထိခိုက်ဆုံး ဇာတ်လမ်းဇာတ်ကွက် တခုကတော့ သူနဲ့ တရွာတည်းနေတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင် သူငယ်ချင်းလေး အောင်နိုင်နဲ့ သူ့ရဲ့ ငယ်ဘဝ သူငယ်ချင်းဆက်ဆံရေးပါပဲ။
သူတို့နှစ်ယောက်က မွေးသက္ကရာဇ်လည်း တူတယ်၊ ကျောင်းလည်း အတူတူတက်ခဲ့ကြတယ်။ အလီ ရေးသလိုပြောရရင် "တူညီတဲ့ အိပ်မက်တခု" ကို မျှဝေခဲ့ကြသူတွေပါ။
စာအုပ်ထဲက အရေးကြီးတဲ့ အလှည့်အပြောင်း နေရာတွေရောက်တိုင်း ဒီသူငယ်ချင်း ဆက်ဆံရေးကို ပြန်ပြန်သွားပြတယ်။ ဒါကိုသုံးပြီး အတူတကွ ယှဉ်တွဲနေထိုင်ရာကနေ တယောက်ကိုတယောက် ဖယ်ကြဉ်တဲ့ အခြေအနေဆီ တဖြည်းဖြည်းချင်း နားလည်ရခက်ခက် ဘယ်လို ပြောင်းလဲသွားလဲ ဆိုတာကို ပြထားပါတယ်။
“နောက်ဆုံးတော့ ကျနော်တို့ ခရိုင်ပညာရေးမှူးရုံးကို ရောက်သွားကြတယ်။ အောင်နိုင်က အရာရှိကို ‘ကျနော်တို့ ဆရာအလုပ် လာလျှောက်တာပါ’လို့ ပြောလိုက်တယ်။ ကျနော်လည်း သူ ပြောသလိုပဲ လိုက်ပြောလိုက်တယ်၊ ဒါပေမဲ့ ကျနော့်ရဲ့ ပင်ကိုလက္ခဏာကို မရိပ်မိအောင် ရခိုင်သံဝဲပြီး ပြောလိုက်တာ။ အဲဒီလူက ကျနော့်ကို သိနေတဲ့ပုံစံနဲ့ ပြုံးစစလုပ်ပြတော့ ကျနော် သိမ်ငယ် အရှက်ရသလို ခံစားလိုက်ရတယ်။ ဒါမျိုးကြုံရတာ နောက်တကြိမ်ပေါ့ဗျာ။”
ဒါဟာ လုံးဝမတူညီတော့တဲ့ အနာဂတ်နှစ်ခုရဲ့ အစပဲလို့ နောက်ပိုင်းမှာ သူ သဘောပေါက်ခဲ့ရတဲ့ အခိုက်အတန့်တခု ဖြစ်သွားခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအဖြစ်အပျက်က ၂၀၁၂ ခုနှစ် ရခိုင်ပြည်မှာ လူမျိုးရေး အကြမ်းဖက်မှုတွေ မဖြစ်ပွားခင်လေးမှာပဲ ဖြစ်ခဲ့တာပါ။
ဒီစာအုပ်ကို သတင်းထောက် Émilie Lopes နဲ့ တွဲပြီး ရေးခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာ Siba Barkataki က အင်္ဂလိပ်လို ဘာသာပြန်ခဲ့တာပါ။ ဒါပေမဲ့ စာအုပ်တအုပ်လုံးမှာ အလီရဲ့ ကိုယ်ပိုင်အသံက အထင်အရှား ပေါ်လွင်နေပါတယ်။
ဇာတ်လမ်းကို သူ့ရဲ့ အမြင်၊ သူ့ရဲ့ ခံစားမှုကနေတဆင့် ဖြတ်သန်းပြထားတာပါ။ ဒါကြောင့် “Eradication” ဟာ သိပ်ကို ဆွဲဆောင်မှုရှိတဲ့ စာအုပ်တအုပ် ဖြစ်နေရတာပါပဲ။
သူ့ရဲ့ အားသာချက်က သူပြောပြတဲ့ ဇာတ်လမ်းတခုတည်းတင် မဟုတ်ဘူး၊ ဇာတ်လမ်းကို ဘယ်လိုပုံစံနဲ့ ပြောပြသလဲ ဆိုတာကလည်း အဓိကပါပဲ။ ဒါဟာ ကဗျာဆရာတယောက် ရေးထားတဲ့ ဇာတ်လမ်းတပုဒ် ဖြစ်သလို၊ အလွန်အရေးကြီးတဲ့ သမိုင်းမှတ်တမ်းတခုလည်း ဖြစ်နေပါတယ်။
ဒီစာအုပ်ကို စရေးခဲ့တဲ့ အချိန်ကစလို့ အခုထိ သူ ဖော်ပြထားတဲ့ အခြေအနေတွေက ဘာမှ တိုးတက်မလာသေးပါဘူး။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေက ပိုလို့တောင် ကြီးများလာပါသေးတယ်။ အကူအညီတွေကလည်း လျော့နည်းလာတယ်။ သွားလာလှုပ်ရှားခွင့်တွေကလည်း ကန့်သတ်ခံထားရတုန်းပါပဲ။
ကိုယ့်မြေကနေ အတင်းအဓမ္မ မောင်းထုတ်ခံခဲ့ရတဲ့ လက်ရှိ ရိုဟင်ဂျာမျိုးဆက်သစ်တွေ ရခိုင်ပြည်ကို တနေ့နေ့ ပြန်လာခွင့် ရဦးမလားဆိုတဲ့ မေးခွန်းကတော့ အခုထိ အဖြေမရှိသေးပါဘူး။
အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချတဲ့ အစည်းအဝေးခန်းတွေထဲမှာ သူတို့ရဲ့အသံတွေ ပျောက်ဆုံးနေချိန်မှာ သူတို့ကိုယ်စား ပြောပေးမယ့်၊ သူတို့အကြောင်း တင်ပြပေးမယ့် “Eradication” လို စာအုပ်မျိုးတွေဟာ တကယ်ကို အရေးပါအရာရောက်တယ်ဆိုတာ ပိုပြီး ခံစားမိစေပါတယ်။
ရှောင်ဘာရီဟာ ချင်းမိုင်အခြေစိုက် အလွတ်တန်း သတင်းထောက်တဦး ဖြစ်သလို၊ Podcast နဲ့ ရေဒီယိုလိုမျိုး အသံအစီအစဉ်တွေ ဖန်တီးသူတဦးလည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ်၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအကြောင်းကို အဓိကထား တင်ဆက်သူ ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ်မှာ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ပါတယ်။”
ရှောင်ဘာရီ


