
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်က Wall Street ဂျာနယ်မှာ ဖေ့စ်ဘွတ်ခ်အတွက် အတော်လေး ဂယက်ရိုက်သွားစေတဲ့ ဖော်ထုတ်မှုသတင်းတပုဒ် ပါလာခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ် အိန္ဒိယရဲ့ ပြည်သူ့မူဝါဒဆိုင်ရာ အကြီးအကဲဖြစ်တဲ့ အန်ခီဒက်စ်ဟာ အိန္ဒိယအာဏာရပါတီ (BJP) က လူပုဂ္ဂိုလ် အနည်းဆုံး ၄ ယောက်ကို အရေးယူမှုမလုပ်အောင် တားဆီးခဲ့တယ်ဆိုတဲ့ အကြောင်းပါပဲ။
BJP ပါတီက လူတွေဟာ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ အကြမ်းဖက်မှုကို အားပေးတဲ့၊ အစ္စလာမ်ဘာသာကို မုန်းတီးရေးသားထားတဲ့ အကြောင်းအရာတွေကို တင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုရေးသားမှုတွေက ဖေ့စ်ဘွတ်ခ်ရဲ့ 'အမုန်းစကားဆိုင်ရာ စည်းမျဉ်း' (Hate Speech Rules) နဲ့ ငြိစွန်းနေပေမဲ့ အန်ခီဒက်စ်က သူတို့ကို အရေးမယူဖို့ ကန့်ကွက်ခဲ့တယ်လို့ Wall Street ဂျာနယ်က ဖော်ထုတ်ရေးသားခဲ့ပါတယ်။
အန်ခီဒက်စ်အာဏာရပါတီနဲ့ အဆင်ပြေအောင်ပေါင်းပြီး ဖေ့စ်ဘွတ်ခ်ရဲ့ အိန္ဒိယနိုင်ငံထဲက ကြီးမားတဲ့စီးပွားရေး အကျိုးအမြတ်တွေကို ကာကွယ်ချင်လို့ အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အခုလိုမျိုး အာဏာရအစိုးရအဖွဲ့ဝင်တွေက လူများစုရဲ့အမုန်းတရားတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖြန့်ဝေနေတာကို ဖေ့စ်ဘွတ်ခ်ဘက်က မသိချင်ယောင်ဆောင်တယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။ ဒါပေမဲ့ ဒါဟာ ဖေ့စ်ဘွတ်ခ်အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
တကယ်တော့ မာ့ခ်ဇူကာဘတ်ဦးဆောင်တဲ့ ဒီအမေရိကန်ကုမ္ပဏီဟာ အလားတူပြဿနာမျိုးကို အိန္ဒိယရဲ့အရှေ့ဘက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း ဖြစ်ဖူးပါတယ်။ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုခံထားရပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု တရားခွင်မှာ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း
ပြီးခဲ့တဲ့ ဇွန်လတုန်းက ICJ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ အနောက်အာဖရိကနိုင်ငံငယ်လေးဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက အမေရိကန် ဖက်ဒရယ်တရားရုံးတခုမှာ တောင်းဆိုချက်တခု တင်သွင်းခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်ကတော့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်က “နယ်မြေရှင်းလင်းရေး” တွေအတွင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ပြစ်မှုတွေအတွက် တာဝန်ခံမှုရှိစေနိုင်မယ့် အရေးကြီးတဲ့ အချက်အလက်တချို့ကို ဖေ့စ်ဘွတ်ခ်ဆီကနေ တောင်းခံတာဖြစ်ပါတယ်။
“မြန်မာစစ်ဘက်အရာရှိတွေဆီက စာရွက်စာတမ်းတွေနဲ့ ဆက်သွယ်မှုတွေ” ကို ဂမ်ဘီယာနိုင်ငံက တိတိကျကျ တောင်းဆိုခဲ့ပါတယ်။ နောက်ပြီးတော့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုမှာ ဖေ့စ်ဘွတ်ခ်ဟာ 'အဆုံးအဖြတ်ပေးတဲ့' ကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က စွပ်စွဲလိုက်ပြီးနောက် ၂၀၁၈ ခုနှစ်မှာ ဖေ့စ်ဘွတ်ခ်က ဖြုတ်ချထားခဲ့တဲ့ တခြား page တွေ၊ account တွေဆီက သတင်းအချက်အလက်တွေကိုလည်း တောင်းဆိုခဲ့ပါတယ်။
ICJ မှာရှိတဲ့ ဂမ်ဘီယာရဲ့ ဥပဒေအဖွဲ့ကသာ ခုလိုအရေးကြီးတဲ့ စာရွက်စာတမ်းတွေကို ရရှိနိုင်ခဲ့မယ်ဆိုရင် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် “လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်” နဲ့ ပစ်မှတ်ထား အကြမ်းဖက်ခဲ့တယ်ဆိုတဲ့အကြောင်း ယုံမှားသံသယဖြစ်ဖွယ်မရှိအောင် တရားရုံးကို သက်သေတင်ပြနိုင်မှာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့အကြောင်း ပြသဖို့အတွက် အရေးတကြီးလိုအပ်တဲ့ ကြိုတင်လိုအပ်ချက်တခု ဖြစ်ပါတယ်။
ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ကတော့ ဒီလအစောပိုင်းမှာပဲ အဲဒီတောင်းဆိုမှုကို ပယ်ချခဲ့ပါတယ်။ ဂမ်ဘီယာရဲ့ တောင်းဆိုမှုဟာ “အလွန်အမင်း ကျယ်ပြန့်လွန်းပြီး” account တွေကို “အထူးနဲ့ အကန့်အသတ်မရှိ ဝင်ရောက်ခွင့်” ပေးရမလို ဖြစ်နေလိမ့်မယ်လို့ ဆိုပြီး အမေရိကန်တရားရုံးကို လျှောက်ထားခဲ့ပါတယ်။
ဒါပေမဲ့ Time မဂ္ဂဇင်းရဲ့ မကြာသေးခင်က အစီရင်ခံစာတခုအရ ဂမ်ဘီယာရဲ့ တောင်းဆိုမှုဟာ “အရာရှိ ၁၇ ဦး၊ စစ်ဘက်တပ်ဖွဲ့နှစ်ခုနဲ့ page တွေ၊ account တွေ” ကို တိတိကျကျ နာမည်တပ် ဖော်ပြထားတဲ့အတွက် “အလွန်အမင်း ကျယ်ပြန့်” တာမျိုး လုံးဝမဟုတ်ဘူးလို့ ဆိုပါတယ်။
ဂမ်ဘီယာရဲ့တောင်းဆိုမှုဟာ အွန်လိုင်းဝန်ဆောင်မှုပေးသူတွေဆီမှာ သိုလှောင်ထားတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေရဲ့ လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေဖြစ်တဲ့ Stored Communications Act (SCA) အက်ဥပဒေရဲ့ အပိုင်းတပိုင်းကို ချိုးဖောက်ရာရောက်တယ်လို့ လည်း ဖေ့စ်ဘွတ်ခ်က လျှောက်လဲခဲ့ပါတယ်။ Time မဂ္ဂဇင်းရဲ့ အစီရင်ခံစာကတော့ SCA ဟာ “နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေရဲ့ တရားမဝင်လုပ်ရပ်တွေကို” အကာအကွယ်မပေးတဲ့အတွက် အဲဒီငြင်းခုံချက်ဟာ တရားမဝင်ဘူးလို့ ဆိုပါတယ်။
အပြောတမျိုး၊ အလုပ်တမျိုး
ဒီအဖြစ်အပျက်တွေအားလုံးဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဖေ့စ်ဘွတ်ခ်ကိုယ်တိုင်က “သူတို့ရဲ့ပလက်ဖောင်းကိုလူတွေအကြား စိတ်ဝမ်းကွဲအောင်နဲ့ အပြင်လောကမှာ အကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်ဖို့ အသုံးချနေတာတွေကို လုံလုံလောက်လောက် မတားဆီးနိုင်ခဲ့ဘူး” ဆိုပြီး တရားဝင်ဝန်ခံခဲ့ပြီးချိန်မှာ ထပ်ဖြစ်လာတာပါပဲ။ အဲဒီတုန်းက သူတို့က “မြန်မာနိုင်ငံအပါအဝင် အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေမှာ ကျနော်တို့ဟာ အကောင်းဘက်ကို ပို့ဆောင်ပေးမယ့် အင်အားစုတခုဖြစ်ကြောင်း သေချာစေဖို့ ပိုပြီးလုပ်ဆောင်ရမယ်ဆိုတာ သိပါတယ်” လို့လည်း ထပ်ပြောခဲ့ပါသေးတယ်။
ဒါ့အပြင် ဖေ့စ်ဘွတ်ခ်က သူတို့ကိုယ်တိုင်လုပ်ဆောင်ခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ချက်ရဲ့ အကြံပြုချက်အတိုင်း “နိုင်ငံတကာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်ဆေး အကဲဖြတ်ရာမှာ အသုံးပြုနိုင်တဲ့ အချက်အလက်တွေကို သိမ်းဆည်းထားပြီး မျှဝေပေးသွားမယ်” လို့လည်း ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဒါမှ ပြည်တွင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းက တိုးတက်မှုတွေကို ပိုပြီးထိထိရောက်ရောက် အကဲဖြတ်နိုင်မယ်လို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့အချိန်မှာတော့ ဖေ့စ်ဘွတ်ခ်ဟာ သူတို့ပေးထားတဲ့ ကတိတွေကို ဖောက်ဖျက်နေပုံရပါတယ်။ ဂမ်ဘီယာရဲ့ ဥပဒေအဖွဲ့နဲ့ ပူးပေါင်းမကူညီဘဲ ICJ တရားခွင်မှာ အရေးကြီးတဲ့ အဟန့်အတားတခု ဖြစ်အောင်လုပ်နေတာဟာ သူတို့ပြောသလို “အကောင်းဘက်က အင်အားစုတခု” ဖြစ်အောင် ပိုလုပ်ဆောင်နေတာ လုံးဝမဟုတ်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံမှာ တာဝန်ခံမှုရှိစေရေးအတွက် အရေးပါတဲ့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုကို ကူညီဖို့ ပျက်ကွက်နေတာသာ ဖြစ်ပါတယ်။
ဒီအခြေအနေက စိုးရိမ်စရာကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဖေ့စ်ဘွတ်ခ်ဟာ မြန်မာနိုင်ငံမှာ အလွန်အမင်း သြဇာလွှမ်းမိုးတဲ့ အင်အားစုတခု ဖြစ်နေလို့ပါပဲ။ ၂၀၁၈ ခုနှစ် စက်တင်ဘာလက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် (IFFM) ရဲ့ အစီရင်ခံစာမှာ “မြန်မာနိုင်ငံက သုံးစွဲသူအများစုအတွက် ဖေ့စ်ဘွတ်ခ်ဆိုတာ အင်တာနက်ပဲ” လို့တောင် ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် “ဖေ့စ်ဘွတ်ခ်ကို အမုန်းတရားဖြန့်ဖို့ အသုံးပြုခဲ့ကြတယ်” လို့လည်း မစ်ရှင်က မှတ်ချက်ပေးခဲ့ပြီး ဖေ့စ်ဘွတ်ခ်ဘက်က အမုန်းစကားနဲ့ပတ်သက်လို့ တိကျတဲ့ အချက်အလက်တွေ မပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောခဲ့ပါတယ်။
အဲဒီမတိုင်ခင် ၂၀၁၈ ဧပြီလတုန်းကလည်း မာ့ခ်ဇူကာဘတ်ဟာ အမေရိကန်လွှတ်တော်မှာ အပြင်းအထန် စစ်ဆေးမေးမြန်းခံရချိန်က မြန်မာနိုင်ငံမှာ အမုန်းစကားပြဿနာရှိနေတာကို ဝန်ခံခဲ့ပြီး၊ ဒီလို သီးခြားဘာသာစကားနဲ့ရေးတဲ့ အမုန်းစကား အကြောင်းအရာတွေကို ပိုမိုထိန်းချုပ်နိုင်ဖို့ မြန်မာဘာသာစကား ကျွမ်းကျင်တဲ့ ဝန်ထမ်းများစွာ” ကို ခန့်အပ်နေတယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ၄ လအကြာမှာ Reuters သတင်းဌာနရဲ့ သုံးသပ်ချက်တခုအရ မြန်မာနိုင်ငံရဲ့ ဖေ့စ်ဘွတ်ခ် လောကမှာ အမုန်းစကားတွေဟာ ဆက်လက်ကြီးထွားနေဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
အဲဒီထဲက ရိုဟင်ဂျာတွေကို ရည်ညွှန်းရေးသားထားတဲ့ ပို့စ်တခုမှာတော့ “ဟစ်တလာက ဂျူးတွေကို တိုက်ခဲ့သလိုပဲ သူတို့ကို တိုက်ရမယ်၊ (--) ကုလားတွေ!” ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။ “ကုလား” ဆိုတာက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ (နဲ့ တခြားလူမျိုးစုတွေ) ကို လူမျိုးရေးအရ ခွဲခြားပြီးသုံးတဲ့ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတခု ဖြစ်ပါတယ်။
၂၀၁၈ ဧပြီလတုန်းက ဒစ်ဂျစ်တယ်သုတေသီတယောက်ဖြစ်တဲ့ ရေမွန် ဆာရာတိုက The Guardian သတင်းစာကို “မြန်မာနိုင်ငံပဋိပက္ခရဲ့ အဖြစ်အပျက်ဇာတ်ကြောင်းကို လူ့အဖွဲ့အစည်းထဲက လူတစုက ပုံဖော်သတ်မှတ်နိုင်အောင် ဖေ့စ်ဘွတ်ခ်က သေချာပေါက် ကူညီပေးခဲ့တယ်” လို့ပြောခဲ့ပါတယ်။ ဆာရာတိုဟာ မဘသအဖွဲ့ရဲ့ ဖေ့ဘွတ်ခ် ပို့စ်ပေါင်း ၁၅,၀၀၀ နီးပါးကို လေ့လာဆန်းစစ်ခဲ့ပါတယ်။
နယ်ခြားစောင့်ရဲစခန်းတွေကို ရိုဟင်ဂျာတွေ တိုက်ခိုက်ခဲ့တဲ့ ၂၀၁၇ ဩဂုတ်နောက်ပိုင်းနဲ့ မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်ပြီးနောက်ပိုင်းမှာ ရိုဟင်ဂျာ မုန်းတီးရေးစာတွေက၂၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာကို တွေ့ရှိခဲ့ပါတယ်။
အစိုးရဘက်ကို မျက်နှာသာပေးခြင်း
အိန္ဒိယနိုင်ငံက အန်ခီဒက်စ်ကိစ္စလိုမျိုး ဖေ့စ်ဘွတ်ခ်ဘက်က အစိုးရကို ပေါ်ပေါ်တင်တင် မျက်နှာသာပေးခဲ့တဲ့ သက်သေအထောက်အထားမျိုး မြန်မာနိုင်ငံမှာ ထွက်ပေါ်လာတာ မရှိသေးပါဘူး။ ဒါပေမဲ့ လူမှုကွန်ရက်ကုမ္ပဏီကြီးဟာ လူနည်းစုတွေထက် လူများစုဖြစ်တဲ့ အစိုးရနဲ့ အစိုးရလိုအဖွဲ့အစည်းတွေကို ပိုပြီးမျက်နှာသာပေးခဲ့တယ် ဆိုတာကို ပြနေတဲ့ သဲလွန်စတွေတော့ ရှိခဲ့ပါတယ်။
ဥပမာအနေနဲ့ ၂၀၁၇ စက်တင်ဘာလမှာ ဖေ့စ်ဘွတ်ခ်ဟာ ARSA (Arakan Rohingya Salvation Army) ကို “အန္တရာယ်ရှိသော အဖွဲ့အစည်း” အဖြစ် သတ်မှတ်ပြီး ပိတ်ပင်ခဲ့ပါတယ်။ ARSA ဆိုတာ ၂၀၁၇ ဩဂုတ်လ ၂၅ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်က ARSA ကို ချီးကျူးတဲ့ ပို့စ်တွေကိုတောင် ဖယ်ရှားပစ်ခဲ့ပါတယ်။ အဲ့ဒီလိုမလုပ်ခင် တလလောက်မှာ မြန်မာအစိုးရက ARSA ကို “အကြမ်းဖက်အဖွဲ့” အဖြစ် ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ဟာ မြန်မာစစ်တပ် ဒါမှမဟုတ် စစ်တပ်နဲ့ဆက်စပ်တဲ့ အကောင့်တွေကိုတော့ ၂၀၁၈ ဩဂုတ်လအထိ ဒီလိုပိတ်ပင်အရေးယူမှုမျိုး လုံးဝမရှိခဲ့ပါဘူး။ အဲဒီအချိန်တုန်းက စစ်တပ်ရဲ့ ကြမ်းတမ်းတဲ့ မြေလှန် မီးရှို့စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာကျေးရွာတွေမှာ အကြီးအကျယ် ပျက်စီးခဲ့ရပြီး ရိုဟင်ဂျာ ၈ သိန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့အထိ ကြီးမားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးတခု ဖြစ်နေခဲ့ပါတယ်။ ဒီလို သတင်းတွေ အများကြီး ထွက်နေပေမဲ့လည်း ဖေ့စ်ဘွတ်ခ် အနေနဲ့ အရေးယူခဲ့တာမျိုး မရှိခဲ့တာပါ။
ဒါ့အပြင် ၂၀၁၉ ဖေဖော်ဝါရီလမှာ ဖေ့စ်ဘွတ်ခ်ဟာ ရခိုင်အခြေစိုက် အာရက္ခတပ်တော် (AA) အပါအဝင် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ၄ ဖွဲ့ကို “အန္တရာယ်ရှိသတဲ့ အဖွဲ့အစည်း” အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဲဒီလူနည်းစုတိုင်းရင်းသားအဖွဲ့တွေကို ချီးကျူးထောက်ခံတဲ့ အကြောင်းအရာအားလုံးကိုပါ ကန့်သတ်ပိတ်ပင်ခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ အဲဒီလို ပိတ်ပင်ပြီး ၂ လအကြာမှာ မြန်မာအစိုးရက AA ကို “အကြမ်းဖက်အဖွဲ့နဲ့ တရားမဝင်အသင်းအဖွဲ့” အဖြစ် တရားဝင်ကြေညာခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက Twitter မှာတော့ AA နဲ့ ARSA နှစ်ဖွဲ့လုံးရဲ့ တရားဝင်အကောင့်တွေ ဆက်ရှိနေတုန်းပါပဲ။ အဖွဲ့နှစ်ခုလုံးက သူတို့ရဲ့ ကြေညာချက်တွေထုတ်ပြန်ဖို့ Twitter ကို ဆက်လက် အသုံးပြုနေကြပါတယ်။
မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေက ဖေ့စ်ဘွတ်ခ်ရဲ့ လုပ်ရပ်ဟာ အစိုးရဘက်လိုက်ပြီး တိုင်းရင်းသားလူနည်းစုတွေကို ဆန့်ကျင်တဲ့လုပ်ရပ် ဖြစ်သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
ရန်ကုန်အခြေစိုက် လေ့လာသုံးသပ်သူ ကိုမော်ထွန်းအောင်က The Irrawaddy သတင်းဌာနကို ဖေ့စ်ဘွတ်ခ်ဟာ “အလွန်အကျွံတက်ကြွပြ”နေပြီး “အရင်တုန်းက သူတို့ရဲ့ ကျရှုံးမှု (ရိုဟင်ဂျာအရေးအခင်းကိုဆိုလို) အပေါ်မှာ လွန်လွန်ကျူးကျူး တုံ့ပြန်နေတယ်” လို့ ပြောခဲ့ပါတယ်။
လူ့အခွင့်အရေးလေ့လာသူတဦးကလည်း ဖေ့စ်ဘွတ်ခ်ဟာ “ချိန်ခွင်လျှာကို” စစ်တပ်ဘက်ကို ယိုင်သွားအောင် လုပ်နေပြီး အစိုးရအတွက် အကြီးအကျယ် အထောက်အကူပေးနေတယ်" လို့ The Guardian သတင်းစာကို ပြောခဲ့ပါတယ်။
မြန်မာ့ပြည်တွင်းစစ်ပဋိပက္ခမှာတော့ ချိန်ခွင်လျှာက စစ်တပ်ဘက်ကို ယိုင်ပြီးသားပါ။ တိုင်းပြည်ကို နှစ်ပေါင်း ၆၀ လောက် သံမဏိလက်သီးနဲ့ အုပ်ချုပ်ခဲ့တဲ့ မြန်မာစစ်တပ် (တပ်မတော်) ဟာ ဗမာလူမျိုးကြီးစိုးတဲ့ လူများစုအဖွဲ့အစည်းကြီးတခု ဖြစ်ပါတယ်။ ကချင်၊ ကရင်၊ ရှမ်း အပါအဝင် တိုင်းရင်းသားလူနည်းစုတွေအပေါ် ကြမ်းတမ်းရက်စက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ သမိုင်းအရှည်ကြီးလည်း ရှိပါတယ်။ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ တက်လာခဲ့ပေမဲ့လည်း စစ်တပ်ဟာ တိုင်းပြည်ရဲ့ အရေးအရာတွေအပေါ်မှာ ဆက်လက်ချုပ်ကိုင်ထားတုန်းပါပဲ။
ဒေါ်အောင်ဆန်းစုကြည်အစိုးရက ၂၀၁၅ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့ပေမဲ့ စစ်တပ်ဟာ ဖေ့စ်ဘွတ်ခ်က ပိတ်ပင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့နဲ့ပဲ အသည်းအသန် တိုက်ခိုက်ရင်း စစ်ပွဲထဲမှာ နစ်နေခဲ့ပါတယ်။ စစ်ပွဲအတွေ့အကြုံများပြီး လက်နက်အင်အား တောင့်တင်းတဲ့ စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် တိုင်းရင်းသားနယ်မြေတွေမှာ အကြီးအကျယ် ပျက်စီးကာ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေခဲ့ရပါတယ်။
တကယ်တော့ ၂၀၁၈ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာမှာ “၂၀၁၁ ခုနှစ်ကတည်းက ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်တပ်ရဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု အဆင့်တွေအထိ ရောက်ခဲ့တယ်” လို့ ဖော်ပြထားကြပါတယ်။ ဒီလိုရှိနေပေမဲ့လည်း ဖေ့စ်ဘွတ်ခ်ဟာ စစ်တပ်အသုံးပြုတဲ့ အကောင့်တွေကို တိုင်းရင်းသားအဖွဲ့ ၄ ဖွဲ့ကို ပိတ်သလိုမျိုး အခုထိ မလုပ်သေးပါဘူး။ အဲဒီအစား အစိုးရကိုပဲ ဗဟိုပြုတဲ့ ချဉ်းကပ်မှုမျိုးကို လုပ်နေပုံရပါတယ်။ ဒီလိုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ စစ်တပ်ကို ကူညီသလို ဖြစ်နေတော့ပါတယ်။
စီးပွားရေးသည် ပထမ၊ တရားမျှတမှုက ဒုတိယ
ဒါဆို ဖေ့စ်ဘွတ်ခ်က မြန်မာနိုင်ငံမှာ စစ်အစိုးရဘက်ကို ဘာလို့ မျက်နှာသာပေးရတာလဲ။ အဖြေကတော့ အိန္ဒိယမှာ လုပ်ခဲ့တဲ့ အကြောင်းရင်းနဲ့ အတူတူပါပဲ။ အဲဒါကတော့ လက်ရှိမှာ အပြတ်အသတ်လွှမ်းမိုးထားတဲ့ ပြည်တွင်းဈေးကွက်ထဲက သူတို့ရဲ့ စီးပွားရေးအကျိုးအမြတ်တွေကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ အစိုးရနဲ့ စစ်တပ်နဲ့သက်ဆိုင်တဲ့ အကောင့်တွေကို ပိတ်ပင်လိုက်ရင် စစ်အုပ်စုအဖွဲ့တွေက သူတို့အပေါ် အမျက်ထွက်လာနိုင်ပါတယ်။ ဒါဆို သူတို့ရဲ့ ဈေးကွက်အပေါ် တဦးတည်း ချုပ်ကိုင်ထားနိုင်မှုကို ထိခိုက်လာစေနိုင်ပါတယ်။ ဒီလိုလုပ်ရပ်မျိုးက ပြည်သူအများစု၊ အထူးသဖြင့် လူအများစုရဲ့ အမျက်ဒေါသကို ဆွပေးသလို ဖြစ်နိုင်ပါတယ်။ အကျိုးအမြတ်အများဆုံးရချင်တဲ့ ကုမ္ပဏီတခုအတွက်တော့ ဒါဟာ ပြည်သူ့ဆက်ဆံရေး (PR) အရ အကောင်းဆုံးနည်းလမ်းတခု မဟုတ်ပါဘူး။ ဒါဟာ စိတ်ပျက်စရာကောင်းပေမဲ့ အံ့ဩစရာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာကော်ပိုရေးရှင်းကြီး အများစုဟာ တန်ဖိုးရှိတဲ့ ပြည်တွင်းဈေးကွက်တွေမှာ သူတို့ရဲ့နေရာကို ထိန်းသိမ်းဖို့ဆိုရင် ဒီလိုပုံစံအတိုင်းပဲ လုပ်ဆောင်ကြတာချည်းပါပဲ။ ဒီလိုလုပ်နိုင်ဖို့အတွက် ကုမ္ပဏီတခုဟာ အာဏာရှိတဲ့သူတွေနဲ့ တည်ငြိမ်ချောမွေ့တဲ့ အလုပ်သဘောဆက်ဆံရေးတခု ရှိဖို့လိုပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂကိုတောင်မှ ၂၀၁၂ ခုနှစ်က ရိုဟင်ဂျာတွေ တိုက်ခိုက်ခံရချိန်မှာ မသိချင်ယောင်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရဖူးပါတယ်။ ဒါဟာ အာဏာရအစိုးရနဲ့ အဆင်ပြေအောင် ဆက်ဆံရေးမပျက်ချင်လို့ပါပဲ။
အိန္ဒိယက အန်ခီဒက်စ်ရဲ့ ဖော်ထုတ်ခံရမှုနဲ့ မြန်မာနိုင်ငံက ဇာတ်လမ်းတွေဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေအသစ်တခုကို ညွှန်ပြနေပါတယ်။ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးတွေဟာ အွန်လိုင်းပေါ်မှာ ဘေးကင်းလုံခြုံတဲ့ နေရာတခုဖြစ်အောင် တည်ဆောက်ဖို့ထက် သူတို့ရဲ့ နှစ်စဉ်အမြတ်အစွန်းကိုပဲ အာရုံစိုက်နေတဲ့အခါ ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ တာဝန်ခံမှုတွေက နစ်နာဆုံးရှုံးရပါတယ်။ ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာရဲ့ ပျံ့နှံ့မှုကို ကြည့်ရင် ဖေ့စ်ဘွတ်ခ်လို အင်အားကြီးကုမ္ပဏီတွေရဲ့ ဒီလိုလုပ်ရပ်မျိုးဟာ လူများစုထောက်ခံမှုရထားတဲ့ အာဏာရှင်အစိုးရတွေကို အားကောင်းအောင် တိုက်ရိုက်အားဖြည့်ပေးသလို ဖြစ်နေပါတယ်။ နောက်ဆက်တွဲအနေနဲ့ အားနည်းတဲ့ လူနည်းစုတိုင်းရင်းသားအဖွဲ့တွေကို တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခံရမယ့် အန္တရာယ်ကြားထဲကို တွန်းပို့လိုက်သလိုပါပဲ။
အဓိပ္ပာယ်ရှိတဲ့ မူဝါဒအပြောင်းအလဲတွေ၊ တရားမျှတမှု၊ အတူယှဉ်တွဲနေထိုင်ရေးနဲ့ တာဝန်ခံမှု စတဲ့တန်ဖိုးတွေအပေါ်မှာ ရိုးသားတဲ့ ကတိကဝတ်တွေ မရှိဘူးဆိုရင် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဟာ ဒီနေ့ခေတ် အမုန်းတရားတွေ ပြည့်နှက်နေတဲ့ အွန်လိုင်းကမ္ဘာမှာ အကောင်းထက် အဆိုးကို ပိုဖြစ်စေမှာ သေချာပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာ့အကြီးဆုံး ဆိုရှယ်မီဒီယာကုမ္ပဏီကြီးဟာ ဆိုရင်တော့ အဲဒီလိုရှောင်လွှဲလို့ရတဲ့ လမ်းကြောင်းမှားပေါ်ကို မြန်မြန်ရောက်အောင် ပူးပေါင်းပါဝင်နေပုံရပါတယ်။
အန်ရှုမန်ချော်ဒရီ