
မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေလိုမျိုး ဖြစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ စက်တင်ဘာ ၂ ရက်က ဖော်ပြပါတယ်။
“ဗီဒီယိုတွေနဲ့ ရုပ်ပုံတွေက အလွန်စိတ်ပျက်စရာကောင်းလောက်အောင် သေဆုံးမှု၊ ဖျက်ဆီးမှုတွေနဲ့ စိတ်ပျက်အားငယ်မှုတွေကို ပြသနေပြီးတော့ ဒါဟာ ရိုဟင်ဂျာတွေအပေါ် စစ် တပ်က ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ၂၀၁၇ ခုနှစ်တုန်းက တွေ့ခဲ့ရတဲ့ ရုပ်ပုံတွေနဲ့ ထင်ဟပ်နေတယ်၊ ဒီလိုအဖြစ်မျိုး ထပ်ပြီးမြင်ရတာကို ဝမ်းနည်းကြေကွဲရပါတယ်။”
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလကနေ အခုနှစ်မေလအထိ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာသစ်မှာတော့ ရခိုင်ပြည်နယ်မှာ ရန်လိုမှုတွေကြောင့် လူပေါင်း သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပုံကို မီးမောင်းထိုးပြထားသလို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာသူ ၁ သိန်းခွဲလောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
“ရိုဟင်ဂျာနဲ့ တိုင်းရင်းသား ရခိုင်အသိုက်အဝန်းက အရပ်သားတွေဟာ ပစ်ခတ်တိုက်ခိုက်မှုတွေရဲ့ အကျိုးဆက်ကို ဆက်ပြီး ခံစားနေကြရပါတယ်”လို့ သူက ပြောလိုက်သလို အထူးသဖြင့် စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတဲ့ ခွဲခြားဆက်ဆံမှုမရှိတဲ့ တိုက်ခိုက်မှုတွေကိုလည်း ထောက်ပြပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် အစီရင်ခံစာထဲမှာ ၁၄ လတာကာလအတွင်း ပဋိပက္ခအတွင်း အရပ်သား သေဆုံးမှု ၁,၈၀၀ ကျော်ရဲ့ ထက်ဝက်နီးပါးဟာ စာသင်ကျောင်းတွေအပါအဝင် စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
“အတင်းအကျပ် နေရာရွှေ့ပြောင်းမှု၊ အတင်းအကျပ်လူသစ်စုဆောင်းမှု၊ ပျောက်ဆုံးမှု၊ မတရားဖမ်းဆီးမှု၊ မီးရှို့မှုတွေနဲ့ ပိုင်ဆိုင်မှု ဖျက်ဆီးမှု” စတာတွေဟာလည်း ပြည်နယ်အတွင်း ပျံ့နှံ့နေပြီး အရပ်သားတွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ငြင်းပယ်ခံရတာတွေ၊ အကြမ်းဖက်မှု ကျူးလွန်ဖို့ ရည်ရွယ်တဲ့ ထပ်ခါတလဲလဲ ရက် စက်ကြမ်းကြုတ်မှုတွေနဲ့လည်း ရင်ဆိုင်နေရကြောင်း မစ္စတာ တာ့ခ်က ပြောပါတယ်။
ဒါ့အပြင် အဆိုပါအစီရင်ခံစာထဲမှာ ရခိုင်မြောက်ပိုင်းမှာ အာရက္ခတပ်တော် (AA) ကနေ ကျူးလွန်တဲ့ သတ်ဖြတ်မှု၊ လူသစ်စုဆောင်းမှုတွေနဲ့ အတင်းအဓမ္မ ရွှေ့ပြောင်းမှုတွေ အပါအဝင် ကျူးလွန်မှုတွေကိုလည်း မီးမောင်းထိုးပြထားပါတယ်။
ဒါကြောင့်မို့ ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ ထည့်သွင်းစဉ်းစားဖို့နဲ့ လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ရေး နိုင်ငံတကာရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို ထောက်ခံအားပေးဖို့ နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာ အာဆာအကြမ်းဖက်အဖွဲ့တွေက ရခိုင်ပြည်နယ်ရှိ နယ် ခြားစောင့် ရဲစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းစစ်ဆင်ရာမှာ ရိုဟင်ဂျာ ၈ သိန်းနီးပါး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ရတာဖြစ်ပြီး လက်ရှိတိုက်ပွဲတွေကြောင့် ထပ်ပြီးထွက်ပြေးလာသူတွေနဲ့ ပေါင်းရင် သန်းနဲ့ချီရှိနေတာ ဖြစ်ပါတယ်။
Source ; AFP