
မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေကို တင်ဆောင်လာတဲ့ စက်လှေတစင်းဟာ ထိုင်းနဲ့ မလေးရှား နယ်စပ်အနီးက ပင်လယ်ပြင်ထဲ နစ်မြုပ်ခဲ့ပြီး အနည်းဆုံး ၇ ယောက်သေဆုံးကာ လူရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ မလေးရှားရေကြောင်းအေဂျင်စီက နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။
လူပေါင်း ၃၀၀ လောက် လိုက်ပါလာတဲ့ အဆိုပါ စက်လှေဟာ ရခိုင်ပြည်နယ်ကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပြီးတော့ ကယ်ဆယ်ရေးသမားတွေက မလေးရှားရေပိုင်နက်၊ လန်ကာဝီကျွန်းအနီးက ရေမိုင် ၁၇၀ အကွာ ဧရိယာထဲမှာ ရှာဖွေနေခဲ့ကြတာလို့ ရေကြောင်းအေဂျင်စီအကြီးအကဲ ရွမ်လီမူစတာဖာက ပြောပါတယ်။
မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာနရဲ့ အဆိုအရ ရိုဟင်ဂျာတွေဟာ အစပိုင်းက မြန်မာနိုင်ငံထဲကနေ ကြီးမားတဲ့ သင်္ဘောတစင်းနဲ့အတူ လိုက်ပါခဲ့ကြပေမဲ့ မလေးရှားနဲ့ နီးကပ်လာချိန်မှာတော့ စစ်ဆေးမှုတွေကို ရှောင်ရှားနိုင်ဖို့ လူ ၁၀၀ လောက်စီနဲ့ သေးငယ်တဲ့ စက်လှေ ၃ စင်းပေါ် ပြောင်းရွှေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ကျန်လှေ ၂ စင်းရဲ့ အခြေအနေကို မသိရသေးဘဲ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ နှစ်စဉ် နိုဝင်ဘာကနေ ဧပြီလအတွင်း ပင်လယ်ပြင်တွေ ငြိမ်သက်လာချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မွတ်စလင်အများစု နေထိုင်ရာ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ဆီ သစ်သားစက်လှေတွေနဲ့ ထွက်ခွာကြလေ့ ရှိပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီရဲ့ အချက်အလက်တွေအရ အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလဆန်းအထိ ရိုဟင်ဂျာဦးရေ ၅၁၀၀ ကျော်ဟာ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ လှေတွေနဲ့ ဦးတည်ထွက်ခွာခဲ့ကြပြီး လူ ၆၀၀ နီးပါးဟာ သေဆုံး/ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတုန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ အကြမ်းဖက် သတ်ဖြတ်ခဲ့ကြတာကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာ ဖြစ်ပြီး လက်ရှိအချိန်ထိ ရိုဟင်ဂျာဦးရေ ၁ ဒသမ ၃ သန်းလောက်ဟာ ပြွတ်သိပ်ကျပ်တဲ့ ဒုက္ခသည်စခန်းတွေထဲ နေထိုင်နေကြရပါတယ်။
Source: Bernama


