
ထိုင်း-မလေးရှားနယ်စပ်အနားက မလေးရှားရေပိုင်နက်၊ လန်ကာဝီကမ်းလွန်မှာ နစ်မြုပ်သွားတဲ့ ရိုဟင်ဂျာ စက်လှေတစီးပေါ်က ပျောက်ဆုံးနေသူတွေကို နိုဝင်ဘာ ၁၀ ရက်မှာ ဆက်ရှာနေတာမှာ သေဆုံးသူ အလောင်း ၁၁ လောင်း တွေ့ရှိတယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
နစ်မြုပ်သွားတဲ့ စက်လှေပေါ်မှာ ရိုဟင်ဂျာ ၇၀ လောက် ပါတယ်လို့ ယုံကြည်ရပြီး လူ ၂၃၀ လောက် လိုက်ပါလာတဲ့ တခြားလှေတစီးရဲ့ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ မလေးရှားအာဏာပိုင်တွေက ပြောပါတယ်။
အဲဒီလှေပေါ်က အသက်ရှင်ကျန်ရစ်သူ ၁၃ ယောက်ကို ရှာတွေ့ထားပြီး အများစုက ရိုဟင်ဂျာတွေလို့ ထပ်ပြောပါတယ်။
မလေးရှား ရေကြောင်းအေဂျင်စီက အလောင်း ၇ လောင်း ဆယ်ယူခဲ့ပြီး ထိုင်းအာဏာပိုင်တွေက ကလေး ၂ ယောက် အပါအဝင် အလောင်း ၄ လောင်းကို ရှာတွေ့ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အခုနှစ် ဇန်နဝါရီကနေ နိုဝင်ဘာလ အစောပိုင်းအတွင်း ရိုဟင်ဂျာ ၅,၁၀၀ ကျော်ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကနေ လှေတွေနဲ့ ထွက်လာခဲ့ကြပြီး လူ ၆၀၀ နီးပါး အသေအပျောက် ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ (UNHCR) ရဲ့ အချက်အလက်တွေက ဆိုထားပါတယ်။
မြန်မာနိုင်ငံထဲက ပြည်တွင်းစစ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ပြန့်ကျဲနေတဲ့ ဒုက္ခသည်စခန်းတွေမှာ အခြေအနေတွေက နေဖို့ ပိုခက်လာလို့ ရိုဟင်ဂျာတွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှား အပါအဝင် အန္တရာယ်များတဲ့ ပင်လယ်ခရီးတွေကို မကြာခဏ ကြိုးစားကျော်ဖြတ်လေ့ ရှိပါတယ်။
Source: Reuters


