
ဘူလ်ဂေးရီးယားနိုင်ငံရဲ့ မြို့တော် ဆိုဖီယာနဲ့ တခြားမြို့ အတော်များများမှာ ၂၀၂၆ ဘတ်ဂျက်အစီအစဉ်ကို ဒီဇင်ဘာ ၁ ရက်က လူထောင်ပေါင်းများစွာ ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
EU အဖွဲ့ဝင်နိုင်ငံ ဘူလ်ဂေးရီးယားဟာ ဇန်နဝါရီ ၁ ရက်မှာ ဘုံငွေကြေးအဖြစ် ယူရိုငွေကို မသုံးစွဲခင်မှာ ယူရိုငွေကို အခြေပြုပြီး ပထမဆုံး အကြမ်းဖျင်း ရေးဆွဲထားတဲ့ ဘတ်ဂျက်လည်း ဖြစ်ပါတယ်။
ဆန္ဒပြသူတချို့ဟာ မြို့တော် ဆိုဖီယာရှိ အာဏာရပါတီတွေရဲ့ ရုံးခန်းတွေကို ပိတ်ဆို့ထားပြီး ရဲအရာရှိတွေကို ကျောက်ခဲတွေ၊ ပုလင်းတွေ၊ မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၂၈ ရက်က အလားတူ ဆန္ဒပြမှုတွေအပြီးမှာ ရိုဆန် ဇယ်လ်ယာကော့ဗ်ရဲ့ လူနည်းစုအစိုးရဟာ အတိုက်အခံပါတီတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ အလုပ်ရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးမဲ့ အချိန်ပိုမိုရရှိစေဖို့ ရည်ရွယ်ပြီးတော့ ၂၀၂၆ အသုံးစရိတ်အစီအစဉ်ကို လွှတ်တော်ကို ပြန်လည်တင်သွင်းမယ်လို့ ကတိပြုခဲ့ပါတယ်။
လွှတ်တော်ကော်မတီတခုကတော့ နိုဝင်ဘာ ၁၈ ရက်မှာ ပထမအကြိမ် ဖတ်ကြားခဲ့တဲ့ ဘတ်ဂျက်အစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။
အတိုက်အခံပါတီတွေနဲ့ တခြားအဖွဲ့အစည်းတွေကတော့ သူတို့ဟာ လူမှုဖူလုံရေး ထည့်ဝင်ငွေတွေနဲ့ အမြတ်ဝေစုတွေအပေါ် အခွန်တိုးမြှင့်မဲ့ အစိုးရရဲ့ အစီအစဉ်တွေနဲ့ နိုင်ငံတော်ရဲ့ အဂတိလိုက်စားမှုတွေကို ဆန့်ကျင်ဆန္ဒပြနေတာလို့ ပြောဆိုကြပါတယ်။
Source: Reuters


