
ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်း တောင်ကုန်းဒေသတခုမှာ တိုင်းရင်းသား မိန်းကလေးငယ်တယောက် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံခဲ့ရကြောင်း စွပ်စွဲချက်တွေ ထွက်လာအပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခအတွင်း စက်တင်ဘာ ၂၈ ရက်မှာ လူ ၃ ယောက် ပစ်သတ်ခံခဲ့ရပါတယ်။
မုဒိမ်းကျင့်ခံရသူ တိုင်းရင်းသား မိန်းကလေးငယ်ကို အခြေချနေထိုင်သူတွေက စော်ကားခဲ့တာဖြစ်ကြောင်း ကျောင်းသားအဖွဲ့တွေက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ နာမည်ကြီး တိုးရစ်စ်ရပ်ကွက်ဖြစ်တဲ့ ခါဂရားချာရီရှိလမ်းတွေကို ပိတ်ဆို့ကာ တရားမျှတမှုကို တောင်းဆိုခဲ့ကြပြီး လုံခြုံရေးတွေက လမ်းတွေပိတ်ဆို့မှုကို ရှင်းလင်းဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
သေနတ်ပစ်ခတ်မှုမဖြစ်ပွားခင် ငြင်းခုံရန်ဖြစ်မှုတခု ဖြစ်ပွားခဲ့ကြောင်း ဒေသမီဒီယာတွေက ဆိုပါတယ်။
သေဆုံးသူ ၃ ယောက်စလုံးဟာ သေနတ်ပစ်ခံရလို့ ဖြစ်ကြောင်း ခါဂရားချာရီရဲချုပ်က ပြောကြားခဲ့ပြီး ဘယ်သူက ပစ်လိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အဲဒီနောက်မျက်နှာဖုံးစွပ် အမျိုးသားအများအပြားဟာ ဒေသတွင်းဈေးတခုကို တိုက်ခိုက်ခဲ့ပြီး ဈေးဆိုင်တွေနဲ့ နေအိမ်တွေ အများအပြား မီးရှို့ခံရကာ အများစုဟာ တိုင်းရင်းသားဒေသခံတွေ ပိုင်ဆိုင်တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အာဏာပိုင်တွေဟာ လူတွေစုဝေးခြင်းကို ကန့်သတ်ဖို့နဲ့ နောက်ထပ် ပဋိပက္ခတွေ အရှိန်ပြင်းလာမှာကို တားဆီးတဲ့အနေနဲ့ ပုဒ်မ ၁၄၄ အရ အရေးပေါ် ကန့်သတ်ချက်တွေကို ချမှတ်ခဲ့ပါတယ်။ အဝေးပြေးကား ပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းထားတာကြောင့် တောင်ပေါ်ဒေသမှာ နိုင်ငံခြားခရီးသွားတွေ သောင်တင်နေခဲ့ပါတယ်။
Source: Reuters