
ဘူလ်ဂေးရီးယားနိုင်ငံဟာ ဥရောပတဝန်းရှိ ယဉ်ကျေးမှုပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှုမှာ ပါဝင်ပတ်သက်နေတဲ့ ရာဇ၀တ်မှုကွန်ရက်တခုနဲ့ ဆက်စပ်နေတဲ့ လူ ၃၅ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း BTA သတင်းဌာနက နိုင်ငံရဲ့ ရာဇ၀တ်မှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြပါတယ်။
ရာဇဝတ်မှုတိုက်ဖျက်ရေး အထွေထွေ ညွှန်ကြားရေးမှူးချုပ် (GDBOP) ဘိုယန်ရာအဗ်က “ရှာဖွေမှုပေါင်း ၁၃၁ ကြိမ် ပြုလုပ်ခဲ့ပြီး ၂၄ နာရီအတွင်း လူ ၃၅ ယောက်ကို ဖမ်းဆီးခဲ့ပြီးတော့ ယဉ်ကျေးမှုဆိုင်ရာ အဖိုးတန်ပစ္စည်း ထောင်ပေါင်းများစွာကို တွေ့ရှိခဲ့ပါတယ်။ အရေအတွက်က ဆက်လက်တိုးပွားနေဆဲဖြစ်ပြီး ရှေးဟောင်းသေနတ် ၅၀ ကျော်ကိုလည်း တွေ့ရှိခဲ့ပါတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်က ဘူလ်ဂေးရီးယား ဦးဆောင်ပြီး ဥရောပရဲတပ်ဖွဲ့ (ယူရိုပိုလ်)နဲ့ ဥရောပ တရားရေးအဖွဲ့ (ယူရိုဂျပ်စ်) အေဂျင်စီတွေနဲ့ ပူးပေါင်းကာ နိုင်ငံတကာစီးနင်းမှုတွေ ပြုလုပ်ခဲ့ပြီးတော့ မော်တော်ကားတွေ၊ မီးခံသေတ္တာတွေနဲ့ တခြားပစ္စည်းတွေကို သိမ်းဆည်းခဲ့ကြောင်းလည်း ဆိုပါတယ်။
အဲဒီရာဇဝတ်ဂိုဏ်း ကွန်ရက်ဟာ အနောက်ဥရောပ၊ ဘော်လကန်ဒေသ၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြားနေရာတွေမှာ ၁၆ နှစ်ကျော် လည်ပတ်နေခဲ့ကြောင်း ဆိုဖီယာ ဒုတိယမြို့တော်ရှေ့နေ အန်ဂယ်လ်ကာနေ့ဗ် က မီဒီယာတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။
ငွေကြေးခဝါချမှုမှာလည်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်တုန်းက ဘူလ်ဂေးရီးယားနိုင်ငံ နေအိမ်စီးနင်းမှုတခုအတွင်း ရဲတပ်ဖွဲ့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းဝင်တန်ဖိုးနဲ့ ငွေကြေးတန်ဖိုးရှိတဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်း ၇,၀၀၀ လောက်ကို သိမ်းဆည်းရမိခဲ့ပြီးနောက်မှာ အခုစုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ကြောင်း ယူရိုပိုလ်ရဲ့ ကြေညာချက်မှာဖော်ပြ ပါတယ်။
Source:Reuters


